တပ်က ဖမ်းသွားတဲ့ မြေပုံဒေသခံနှစ်ဦး သေဆုံး

ဝေယံမိုးမြင့်
2019.12.23
kantaunggyi-622.jpg ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ပုံ
Photo: Google Map

ဒီဇင်ဘာ ၁၈ရက်နေ့က ကမ်းထောင်းကြီးမြို့နဲ့ သုံးမိုင်အကွာ ရေထိုးတောင်အနီး လယ်ထဲမှာ  စပါးရိတ်နေတဲ့ အမျိုးသားနှစ်ဦးကို တပ်မ ၆၆ က ဖမ်းဆီးသွားတာလို့ မိသားစုဝင်တွေက  ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်က အသက် ၆၃ နှစ်အရွယ် ဒေသခံ ဦးဦးနီသန်း နဲ့ အသက် ၄၀ အရွယ် ချင်းတိုင်းရင်းသား ဦးကင်းချေတို့ နှစ်ဦး ဖမ်းခံခဲ့ရပြီးနောက် လေးရက်အကြာမှာ သူတို့နှစ်ဦးရဲ့ ရုပ်အလောင်းကို ‌တွေ့ရှိခဲ့တာပါ။

သူတို့နှစ်ဦးကို ကျင်းတစ်ခုထဲမှာ အတူတူမြှုပ်နှံထားတာ မနေ့က တွေ့ရတယ်လို့ ဦးဦးနီသန်းရဲ့ သားမက်ဖြစ်သူ ကိုစောလှရွှေက ပြောပါတယ်။

သွားရှာတဲ့အခါ ကျွန်တော်တို့အဖေနဲ့ အလုပ်သမားကို သတ်ပြီးတော့ တစ်ကျင်းထဲမှာပဲ မြုပ်ထားတာတွေ့ရတယ်။

“ အဆက်အသွယ် မရတော့ဘူး စစ်တပ်တွေက ၁၈ ရက် ၁၉ ရက် ၂၀ ရက်နေ့အထိ အဲဒီနားမှာ ရှိနေတော့ ရွာကလည်း သွားမကြည့်ရဲဘူး။ အဲတပ်မ ၆၆ က ကမ်းထောင်းကြီးမြို့ကို ဝင်လာတဲ့ အချိန် ကျွန်တော်တို့ သွားတွေ့လိုက်ပြီးတော့ ကျွန်တော်တို့ရှာချင်တယ် အဲဒီနေ့က ပျောက်သွားပြီး သတင်းမရဘူးဆိုပြီး ရှာဖို့ ခွင့်တောင်းပြီးသွားတယ်။ သွားရှာတဲ့အခါ ကျွန်တော်တို့အဖေနဲ့ အလုပ်သမားကို သတ်ပြီးတော့ တစ်ကျင်းထဲမှာပဲ မြုပ်ထားတာတွေ့ရတယ်။ ”

သူတို့နှစ်ဦး ဖမ်းဆီးခံရတဲ့ဖြစ်ရပ်၊ သေဆုံးသွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ တပ်ဘက်နဲ့ ဒေသခံတွေ၊ မိသားစုဝင်တွေ ပြောဆိုတာမှာ ကွဲလွဲမှုတွေ ရှိနေပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာ အဲဒီအမျိုးသားနှစ်ဦးက မိုင်းထောင်နေတာ‌‌တွေ့လို့ တပ်က သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပြီး မြေမြှုပ်ခဲ့တာလို့ ပြောပါတယ်။

“ရှောက်ဆုံ လမ်းခွဲနားမှာ နယ်မြေရှင်းလင်းနေတဲ့ စစ်ကြောင်းတစ်ကြောင်းကို မိုင်းထောင်တယ် တွေ့လို့ ပစ်ခတ်ဖမ်းဆီးလို့ အသေဖမ်းဆီးရမိတာ နှစ်ယောက်တော့ရှိတယ်။ ဒီလို မိုင်းထောင်လို့ ပစ်ခတ် ဖမ်းဆီးတာတော့ရှိတယ်။ အခုလည်း မိုင်းထောင်နေတာ လက်ပူးလက်ကြပ်မိလို့ ပစ်ခတ်ဖမ်းဆီးတာ အဲကမ်းထောင်းကြီးနားမှာပဲ။ ”

AA ပြောခွင့်ရ ခိုင်သုခ ကတော့ ဒါဟာ လူသတ် အလောင်းဖျောက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခ“အဲဒီလူနှစ်ယောက်က လယ်တောထဲမှာ အလုပ်လုပ်နေတာလို့ ကျွန်တော်တို့သိတာရှိတယ်။ အဲဒါကို မတရားဖမ်းဆီးပြီး သတ်တာ ဒါဟာ လူသတ်အလောင်း ဖျောက်တဲ့ကိစ္စ စစ်တပ်ဟာ စစ်ရာဇဝတ်ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တဲ့ကိစ္စ။”

သေဆုံးမှုနဲ့ပတ်သက်လို့ စခန်းမှာ အမှုဖွင့်ထားတာ မရှိပေမယ့် ကမ်းထောင်းကြီးမြို့ ရဲစခန်းကို အသိပေး အကြောင်းကြား ထားတာတော့ ရှိတယ်လို့ ကိုစောလှရွှေက ပြောပါတယ်။

ဒီကိစ္စအပေါ်  ရဲတပ်ဖွဲ့က ဆောင်ရွက်မယ့် အခြေအနေကို သိနိုင်ဖို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ကြည်လင်းကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ စစ်မက်ဖြစ်ပွားရာနေရာ ဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့အနေနဲ့ ဘာမှ ဝင်ရောက် ကိုင်တွယ်ခြင်း မရှိဘူးလို့ ပြောပါတယ်။

ကမ်းထောင်းကြီးမြို့ အလယ်ပိုင်းရပ်ကွက်က အုပ်ချုပ်ရေးမှူးတစ်ဦးဟာ တပ်သတင်းပေးလို့ စွပ်စွဲခံရပြီးနောက် ဇွန်လအတွင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။ အဲဒီနောက် စက်တင်ဘာလ အတွင်းမှာလည်း ခေါင်းဖြတ် အသတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး ရုပ်အလောင်းကို  အလယ်ပိုင်းရပ်ကွက် ဈေးလမ်းဆုံမှာ တွေ့ရှိခဲ့ပါတယ်။

အဲဒီလို အရပ်သားသေဆုံးမှုတွေမှာ ဘယ်သူ့လက်ချက်လဲဆိုတာ မသိရဘဲ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်အကြား အပြန်အလှန် စွပ်စွဲမှုတွေသာ ရှိခဲ့ပါတယ်။

လက်နက်ကိုင်အဖွဲ့ နှစ်ဖွဲ့အနေနဲ့ အပြန်အလှန်စွပ်စွဲမှုတွေကို သတ်ဖြတ်တဲ့နည်းလမ်းဟာ ရေရှည်မှာ အစဉ်အလာလိုဖြစ်သွားမှာ စိုးရိမ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“တပ်မတော်က သူတို့ပစ်ခတ်တယ် ဖမ်းဆီးတယ်ဆိုရင် AA ရဲ့အမာခံမို့ AA မိုင်းထောင်လို့ဆိုပြီး ဟိုနေ့က အမ်းမှာဖြစ်တယ် အခုလဲပဲ ဖြစ်နေတယ်။ AA က ဗုံးထောင်လို့ ပစ်ခတ်ဖမ်းဆီးပါတယ်ဆိုတာ အဲဒါကို တရားရုံးကိုရောက်အောင် ပို့စေချင်တယ်။ သံသယနဲ့ သတ်ဖြတ်ဖမ်းဆီးတယ်ဆိုတာ ကြာလာရင် အစဉ်အလာဖြစ်သွားနိုင်တယ်။ AA က သတ်ဖြတ်တယ်ဆိုတာတွေလည်း တက်လာတာရှိတယ်။ နှစ်ဖွဲ့လုံးက လုပ်တယ်ဆိုလုပ်တယ်ပေါ့။ ပြည်သူက ကြောက်နေတယ် အဲဒီအပေါ် ပုဂ္ဂိုလ်ရေး မကျေနပ်သူတွေကလည်း ကြားဝင်ပြီးတော့ အမြတ်ထုတ်တာ ဖြစ်လာနိုင်တယ် ပြည်သူက စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ဖြစ်လာနိုင်တယ်။”

ရခိုင်ပြည်နယ်မှာ တစ်နှစ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးသူ ၉၀ကျော်ရှိနေပြီး ထိခိုက်ဒါဏ်ရာရရှိသူ ၁၄၀ ဝန်းကျင်ရှိနေပြီလို့ အရပ်ဘက် အဖွဲ့စာရင်းတွေအရ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။