သိမ်းယူထားတဲ့ လယ်မြေတွေပေါ် ထွန်ယက်တဲ့ တောင်သူတွေကို အာဏာပိုင်များဖမ်းဆီး


2013.05.24

မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာက တောင်သူ ၆ ဦးကို  စစ်တပ်က သိမ်းယူထားတဲ့ လယ်မြေတွေပေါ်မှာ စပါးစိုက်ပျိုးလို့ဆိုပြီး  အာဏာပိုင်တွေက ဒီကနေ့မနက်ပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ တောင်သူတွေကပြောပါတယ်။

တောင်သူ ၆ ဦးကို ဆင်ပေါင်ဝဲမြို့နယ်မှာ အခြေစိုက်တဲ့ က.ပ.စ (၈) စစ်တပ်က ဖမ်းဆီးသွားတာဖြစ်ပြီး အခုချိန်ထိ မကျည်းပင်စုကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ထိန်းသိမ်းထားဆဲပဲလို့ သိရပါတယ်။

တောင်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာနဲ့ ပတ်သက်ပြီး မန်ကျည်းပင်ပုကျေးရွာက တောင်သူဦးလှဦးက အခုလို ပြောပါတယ်။

“တောင်သူ ၆ ဦး နှမ်းစိုက်သွားနေတဲ့အချိန်မှာ က.ပ.စ (၈) ကာကွယ်ရေးပစ္စည်းစက်ရုံက ဗိုလ်ကြီးက သူတို့ပိုင်ယာဆိုပြီးတော့ သတ်မှတ်ထားတဲ့အတွက် လာပြီးတော့ တောင်သူ ၆ ဦးကို ဂိတ်ကိုဖမ်းသွားတာခင်ဗျ၊ ၂ဝ၁၂ အထိ တစ်နှစ်ကို ၁ ဧကကို ၈ ထောင်ပေးပြီးတော့ ကျေးရွာပေါင်း ၁၃ ရွာမှ ဧကပေါင်း ၁ သောင်း ၂ ထောင်ကျော်ပေးဆောင်ပြီး လုပ်ကိုင်ရတာပါ၊ သူတို့က ကာကွယ်ပစ္စည်းလက်နက်စက်ရုံဆောက်ဖို့ဆိုပြီး အဲလိုသိမ်းထားတာပါ”

လွန်ခဲ့တဲ့ ၁၉၉၆ ခုနှစ်က စတင်ပြီး ကျေးရွာပေါင်း ၁၃ ရွာက တောင်သူ ၅၀၀ ကျော် ပိုင်ဆိုင်တဲ့ ဆင်ပေါင်ဝဲမြို့နယ် အနီးအနားက လယ်ယာမြေဧက တစ်သောင်းနှစ်ထောင်ကျော်ကို က.ပ.စ (၈) စစ်တပ်က ကာကွယ်ရေးလက်နက်ပစ္စည်းစက်ရုံ တည်ဆောက်ဖို့ဆိုပြီး လျော်ကြေးမပေးပဲ သိမ်းယူခဲ့တာလို့ သိရပါတယ်။

အဲဒီနောက်ပိုင်း တစ်နှစ်စာစိုက်ပျိုးခ တစ်ဧက ကျပ် ၈၀၀၀ နှုန်းနဲ့ စစ်တပ်ကို သီးစားခအဖြစ် ပြန်ပေးပြီး စိုက်ပျိုးလာတာ မနှစ်ကအထိ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနှစ်မှာတော့ လယ်သမားတွေကို လုံးဝစိုက်ပျိုးခွင့်မပြုတော့ပဲ သွားရောက်စိုက်ပျိုးခဲ့တဲ့ လယ်သမားတွေကို အခုလို ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။