မင်းပြားက ရွာလူကြီးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး
2019.12.12
မင်းပြားမြို့နယ် စိတ္တရကျေးရွာမှာနေထိုင်တဲ့ အသက် ၄၂ နှစ်အရွယ် ဖုံသာဝကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းကို မနေ့ည ၁၁ နာရီလောက်က တပ်မတော်စစ်ကြောင်းတစ်ခုက ဝင်ရောက် လာပြီးနောက် သေနတ်ဒင်တွေနဲ့ ရိုက်နှက်လို့ သေဆုံးသွားတယ်လို့ သူ့ရဲ့ မိသားစုကပြောပါတယ်။
အဲဒီ တပ်မတော်စစ်ကြောင်းဟာ ရွာကိုပစ်ခတ်ပြီး ဝင်ရောက်လာတာဖြစ်တဲ့အတွက် အသက် ၃၉ နှစ် အရွယ် ကလေးတစ်ယောက်ရဲ့မိခင် ဒေါ်ဖြူဖြူဝင်းဟာလည်း သူ့ရဲ့နေအိမ်ပေါ်မှာပဲသေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
အဲဒီ တပ်မတော်စစ်ကြောင်းဟာ မင်းပြားမြို့အခြေစိုက် အမှတ်-၃၈၀ တပ်ရင်းက ဖြစ်တယ်လို့လည်း ဒေသခံ တွေက ပြောကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မင်းပြားမြို့မရဲစခန်းကို အမှုဖွင့်ဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက သေဆုံးသူ နှစ်ဦးရဲ့ ဖခင်တွေက တိုင်ကြားထားပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကတော့ အခင်းဖြစ်နေရာမှာပဲ ရှိနေဆဲဖြစ်ပြီး ဆေးရုံရင်ခွဲရုံကို သယ်ယူခွင့် မရသေးဘူးလို့ သေဆုံးသူ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဉာဏ်သိန်းရဲ့ ညီဖြစ်သူ ကိုအောင်ဘသိန်းကပြောပါတယ်။
“သူ့မှာက ကျည်မှန်တဲ့နေရာတော့မရှိဘူး။ သူကသေနတ်နဲ့ အရိုက်ခံရလို့သေတာ။ ကျွန်တော်တို့က အလောင်းကို သယ်ယူခွင့်ရအောင်လို့ စောင့်နေတာ။ အခုနေ့လယ် ၂ နာရီ တောင်ကျော်သွားပြီဆိုတော့ သယ်ယူခွင့်က မရနိုင်သေးဘူး။ ဒီနေ့မနက်က ကျွန်တော့အဖေရယ်၊ ပြီးရင်ရွာထဲမှာ နောက်တစ်ယောက် ကျည်ထိမှန်သွား သူရဲ့အဖေ က ရဲစခန်းမှာတော့ တိုင်ကြားထားတယ်”
ရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ဖို့ တိုင်ကြားထားတဲ့ကိစ္စနဲ့ ရုပ်အလောင်းတွေကို ဒီနေ့ နေ့လယ်ပိုင်းအထိ သယ်ယူခွင့် မရသေးတဲ့ ကိစ္စနဲ့ပတ်သက်လို့ မင်းပြားမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုလွင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။
မနေ့ည ၁၁ နာရီ ကျော်အချိန်မှာ အဲဒီတပ်မတော်စစ်ကြောင်းဟာ ချောင်းတစ်ဘက်ကမ်းကို ကူးဖို့အတွက် တောင်ပုတ်ကေရွာဘက်ကနေ စိတ္တရကျေးရွာကို ရောက်ရှိလာခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။
မနေ့က အဲဒီဒေသမှာ နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေလို့ ရွာကကျောင်းထိုင်ဆရာတော်အပါအဝင် ရွာသား ၂၀ ကျော်ခန့်ဟာ အုပ်ချုပ်ရေးမှူးအိမ်မှာ စုရုံးပြီး ရှိနေခဲ့တယ်လို့ ရွာသားတွေကပြောပါတယ်။
အဲဒီအထဲက အုပ်ချုပ်ရေးမှူးအပါအဝင် လူ ၁၀ ဦးခန့်ဟာ အိမ်ခြံဝင်းအတွင်းမှာ မီးလှုံနေကြချိန်မှာ ရွာလမ်း တစ်လျှောက်ဝင်လာတဲ့ တပ်မတော်စစ်ကြောင်းက ဖုန်းပြောနေတာတွေကိုရပ်ဖို့၊ ထွက်မပြေးဖို့ အော်ဟစ် ပြောဆိုပြီး မိုးပေါ်ကိုသေနတ်နဲ့ စတင်ပစ်ဖောက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအထဲက လူအချို့ဟာ အခင်းဖြစ်နေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် လူ ၁၀ ကျော်လောက်ကတော့ အခင်းဖြစ်နေရာမှာပဲကျန်ခဲ့ကြတယ်လို့ ဆိုပါတယ်။
မနေ့က ဖြစ်စဉ်နဲ့ပတ်သက်လို့ အခင်းဖြစ်နေရာမှာရှိနေခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက အခုလိုပြောပါတယ်။
“ရွာဦးကျောင်းက ဆရာတော်က ကျောင်းမှာမအိပ်ရဲလို့ဆိုပြီးတော့ အုပ်ချုပ်ရေးမှူးအိမ်မှာအိပ်တယ်ဗျ။ အဲဒီအချိန်မှာ ကျောင်းဒကာ ရှစ်ယောက်လောက်ရှိတယ်။ ပြီးတော့ ရွာကလူတွေလည်း ဝေယျာဝိစ္စတွေ ဝိုင်းပြီးတော့ လုပ်ပေးနေကြတယ်ပေါ့နော််။ ကျွန်တော်တို့က မီးဖိုမှာ အားလုံးဝိုင်းပြီးတော့ မီးလှုံနေကြတဲ့ အချိန်ပေါ့။ အဲဒီအချိန်မှာ စစ်သားတွေလာပြီးတော့ ဟေ့ကောင်တွေ မင်းတို့တွေ တစ်ကောင်မှထွက်မပြေးနဲ့၊ ထွက်ပြေးတဲ့ကောင်တွေကို အကုန်ပစ်သတ်မယ်၊ မင်းတို့ ဖုန်းပြောနေတဲ့ကောင်တွေ ဖုန်းတွေကို အကုန်လုံး ချဆိုပြီးတော့ သေနတ်တစ်ချက် မိုးပေါ်ကိုထောင်ပစ်တယ်။ ထောင်ပစ်တဲ့အချိန်ကျတော့ လမ်းမှာရှိနေတဲ့ စစ်သား သုံးယောက်က အိမ်ထဲကိုဝင်လာပြီးတော့ ကျွန်တော်တို့ မီးလှုံနေတဲ့ဝိုင်းကိုပေါ့ သေနတ်နဲ့ချိန်ပြီးတော့ တရစပ်ပစ်တော့တာပဲ”
အဲဒီတပ်မတော်စစ်ကြောင်းက ရွာသား ကိုးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာသား တွေကပြောပါတယ်။
တပ်မတော် ပြောခွင့်ရသူတွေကတော့ တပ်မတော်က အကြောင်းမဲ့ပစ်ခတ်တာတွေ မလုပ်ဘူးလို့ ပြောဆို ထားကြပါတယ်။
မနေ့ကဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ရဲ့တုံ့ပြန်ချက်ကိုသိရဖို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA ကဆက်သွယ်ခဲ့ပေမယ့် ခရီးလွန်နေလို့ ဒီကိစ္စကို မသိသေးဘူးလို့ပြောပါတယ်။
“ကျွန်တော်ခရီးသွားနေလို့ဗျ။ မသိသေးဘူးဗျ။ ဘာမှမသိသေးဘူး အဲဒါကို။ ကျွန်တော်လည်း ခရီးသွားနေလို့။ တိုက်ပွဲဖြစ်တယ် ဆိုတာလောက်ပဲကြားတယ်။ ကျန်တာကတော့ ဘာမှာတော့ ကျွန်တော်မသိ သေးဘူး”
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အပါအဝင်၊ မြောက်ဦး၊ မြေပုံ မြို့နယ်တွေမှာ အခုရက်ပိုင်းတွေမှာ ရက္ခိုင့်တပ်တော် AA နဲ့ အစိုးရတပ်တို့အကြား နှစ်ဘက်တိုက်ပွဲတွေ ပြင်းထန်နေပြီး အရပ်သားတွေ သေဆုံးဒဏ်ရာရတာတွေဟာ နေ့စဉ်လိုလိုရှိနေတာဖြစ်ပါတယ်။
မနေ့ကလည်း မင်းပြားမြို့နယ် ကုလားမတောင်ကျေးရွာကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရလို့ လူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ ကြပါတယ်။