မိုင်းရှူးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့ SNLD နဲ့ NLD တို့ လက်မှတ်ကောက်ခံ တင်ပြ
2015.10.31

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပပေးဖို့အတွက် အဲဒီမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စားလှယ်လောင်းတွေ က ဒေသခံတွေဆီကနေ လက်မှတ်ကောက်ယူပြီး လွိုင်လင်ခရိုင် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြတောင်းဆို ထားတယ်လို့ သိရပါတယ်။
မိုင်းရှူးမြို့နယ် နေရာတိုင်းမှာ တိုက်ပွဲတွေဖြစ်နေတာမဟုတ်ဘဲ ကျေးရွာတချို့မှာသာ ဖြစ်ပွားနေပေမဲ့၊ တစ်မြို့နယ်လုံး မှာ ရွေးကောက်ပွဲမကျင်းပဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာတာကို လက်မခံနိုင်တဲ့ အတွက် အခုလိုတောင်းဆိုတာဖြစ်တယ်လို့ SNLD ပါတီရဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ် နန်းကောင်ခမ်း က ပြောပါတယ်။
"ဖြစ်တဲ့နေရာက မြို့နဲ့ ၇ မိုင်ကျော်လောက်ဝေးတယ်၊ ရွာမှာပဲဖြစ်တဲ့ကိစ္စဆိုတော့ မြို့ထဲမှာထည့်လို့ရတယ်လေ ၊ နောက်ပြီး မိုင်းရှူးမြို့မှာ ပါတီလေးခုရှိတယ်၊ ဒီပါတီလေးခုရဲ့ သဘောထားကို ခေါ်မေးရမယ်၊ မမေးဘဲနဲ့ တစ်ဖက်သတ် ဆုံးဖြတ်သွားတာကတော့ ကြိုးစားထားသမျှ သဲထဲရေသွန်သလို ဖြစ်သွားတယ်"
မိုင်းရှူးမြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေနဲ့ ကျားခေါင်းပါတီ ကိုယ်စားလှယ်လောင်းတွေဟာ ဒေသခံတွေဆီက လက်မှတ်ကောက်ခံတာ ၄ထောင်ကျော် ရရှိတယ်လို့ သိရပါတယ်။
မိုင်းရှူးနဲ့ ကျေးသီးတို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် နယ်မြေမလုံခြုံတဲ့အတွက် ရွေးကောက်ပွဲမကျင်းပဖို့ ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်၊ ပြည်နယ်အစိုးရနဲ့ ပါတီတချို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြတဲ့အတွက် အဲဒီမြို့နယ် ၂ခုမှာ ရွေးကောက်ပွဲ မကျင်းပတော့ကြောင်း ဆုံးဖြတ်လိုက်တာဖြစ်တယ် လို့ ကော်မရှင်က ကြေညာထားပါတယ်။
တန့်ယန်းမြို့နယ်နဲ့ ဟိုပန်မြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၄၀ ကျော်မှာလည်း နယ်မြေမတည်ငြိမ်တဲ့ အတွက် ရွေးကောက်ပွဲ မကျင်းပတော့ကြောင်းလည်း ကြေညာထားပါတယ်။ အဲဒီမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းပေးဖို့ ကျားဖြူ ခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက ကော်မရှင်ထံ တင်ပြထားတာဖြစ်ပြီး နယ်မြေအေးချမ်းတဲ့အချိန်မှသာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ တင်ပြခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းထွန်းအေး ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ က ဆက်သွယ်မေးမြန်းထားပါတယ်။
ရှမ်းပြည်မြောက်ပိုင်းတပ်မတော် SSPP/SSA ဌာနချုပ်အခြေစိုက် ဝမ်ဟိုင်းအနီးမှာ မနေ့ညပိုင်းအထိ အစိုးရစစ်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ SSPP/SSA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ က ပြောပါတယ်၊ ဒါပေမဲ့ ရှမ်းပြည်နယ်ထဲက တချို့နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပလိုတဲ့အတွက် လုံခြံုံရေးမတည်ငြိမ်ဘူးဆိုတာ အကြောင်းပြနိုင်အောင် အစိုးရစစ်တပ်က တိုက်ပွဲတွေ ဖန်တီးနေတာရှိနေတယ်လို့လည်း ပြောပါတယ်၊
SSPP/SSA အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလ ကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်၊