ဆားမလောက်မှာ အိမ်တွေပြို
2017.01.08

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာမှာ ပန်းလှိုင်မြစ်ကမ်းပါးပြိုမှု ကြောင့် လူနေအိမ်ခြေ ၁၆ လုံး ပြောင်းရွှေ့ထားရပြီး နောက်ထပ် ၃၆ လုံး ပြောင်းရွှေ့ရဖွယ် ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကနေစတင်ပြီး ကမ်းပြိုနေတာ ဆက်ပြီးလည်းပြိုဖို့ ရှိနေတယ်လို့ ညောင်တုန်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း က ပြောပါတယ်။
"ဇန်နဝါရီ ၂ ရက်နေ့ကနေစပြီး ၅ ရက်နေ့အထိပြိုတာ အိမ်ခြေ ၁၆ လုံးလောက်ပြောင်ထားရတယ်၊ လက်ရှိတော့ တန့်နေတာပေါ့ လုံးဝရပ်ဆိုင်းတာတော့မရှိဘူး စိုးရိမ်ရတဲ့အနေအထားမှာ တော့ရှိသေး တယ် စိုးရိမ်ရတဲ့အိမ်ခြေက ၃၆ လုံး စိုးရိမ်ရတယ် လက်ရှိ ပစ္စည်းတွေတော့ ရွှေ့ထားတယ် အိမ်တွေတော့ မဖျက်သေးဘူး"
ဧရာဝတီမြစ်ကြောင်း ပြောင်းလဲမှုကြောင့် ပန်းလှိုင်မြစ်ထဲကို ရေစီးဝင်မှုများပြားလာပြီး ကမ်းပါးတွေ ပြိုနေတာလို့ ပြောပါတယ်။
ကမ်းပါးပြိုနေတာတွေကို လတ်တလော ကာကွယ်ရေးတွေလုပ်ဆောင်နေပေမယ့် နိုင်ငံတော်အဆင့် ဘတ်ဂျက် နဲ့ ရေရှည်အတွက်ပြုပြင်ရမှာဖြစ်ပြီး မပြုပြင်နိုင်ရင် ပန်းလှိုင်မြစ်နဲ့ ပေ ၃၀၀ ကျော်သာ ကွာဝေးတဲ့ ရန်ကုန် - ပုသိမ် ကားလမ်းမပါ ပျက်စီးလာနိုင်ပြီး လယ်မြေဧက ၇ သောင်းကျော်နဲ့ လူနေအိမ်တွေ ရေလွမ်းမိုးဒဏ် ခံရနိုင်တယ်လို့ ဦးကျော်ဆန်း က ပြောပါတယ်။
လက်ရှိမှာ ပြောင်းရွှေ့ထားရတဲ့ အိမ်တွေကို နန္ဒာရာမရွှေဥဒေါင်း ဘုန်းကြီးကျောင်းမှာ နေရာချပေးထားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က နေရာပြန်လည် ချထားပေးဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။