ကရင်နီလူငယ် ခြောက်ဦး နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နဲ့ စွဲချက်တင်ခံရ
2019.08.27

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို ဝေဖန်ခဲ့တဲ့ ကရင်နီလူငယ် ခြောက်ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ နဲ့ မနေ့က စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် ထုတ်ပြန်ခဲ့တာကြောင့် ကရင်နီလူငယ် ခြောက်ဦးကို ပြည်နယ်အစိုးရက တရားစွဲထားတာဖြစ်ပါတယ်။
လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံမှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ထားရှိတာကို ဆန္ဒပြကန့်ကွက်ပွဲတွေမှာ အဲဒီလိုဝေဖန်ခဲ့တာဖြစ်ပါတယ်။
ကရင်နီလူငယ် ကိုခူကြူးဖဲကေးကို ဇူလိုင်လ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ကိုဂျွန်ပေါ၊ ကိုမျိုးလှိုင်ဝင်း၊ ကိုခွန်သောမတ်စ်၊ ကိုဒီးဒီ၊ ကိုခူးရီဒူးတို့ ငါးဦးကို ဇူလိုင်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ကရင်နီအမျိုးသားနေ့ အခမ်းအနားမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ကရင်နီလူငယ် ခြောက်ဦးအပါအဝင် ကရင်နီတိုင်းရင်းသား စုစုပေါင်း ၁၆၆ ဦးက ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနဲ့ ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေး ရာဇဝတ်ကောင်တွေ၊ ကရင်နီအမျိုးသား သစ္စာဖောက်တွေအဖြစ် သတ်မှတ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ရုံးကို သြဂုတ်လ ၂၂ ရက်နေ့ကလည်း စာပေးပို့ထားတယ်လို့ သိရပါတယ်။
(RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့သည်)