စစ်တွေမြို့မှာ လူငယ် ရှစ်ဆယ်ကျော် ဖမ်းဆီးခံရ

RFA Burmese
2024.05.16
စစ်တွေမြို့မှာ လူငယ် ရှစ်ဆယ်ကျော် ဖမ်းဆီးခံရ ရခိုင်ပြည်နယ် စစ်တွေမြို့တစ်နေရာကို တွေ့ရစဥ်။
RFA

ရခိုင်ပြည်နယ် စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေကို စစ်ကောင်စီက ဧည့်စာရင်းဝင်စစ်ပြီး စစ်တွေမှတ်ပုံတင် (၁၁/စတန) မကိုင်ဆောင်ထားတဲ့ လူငယ် ရှစ်ဆယ်ကျော်ကို ဖမ်းဆီးသွားတယ်လို့ စစ်တွေဒေသခံတွေက ပြောပါတယ်။

မေလ ၁၅ ရက်ညမှာ စစ်တွေမြို့က ဗုဒ္ဓတက္ကသိုလ်၊ ရွှေစေတီကျောင်း၊ တောင်ချေရွာ ဘုန်းတော်ကြီးကျောင်းတွေကို ဝင်ရောက်စစ်ဆေးပြီး ၁၁/စတန(နိုင်) မှတ်ပုံတင်ကိုင်ဆောင်သူ မဟုတ်တဲ့ လူငယ်တွေကို ကားတွေနဲ့ ဖမ်းခေါ်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်တွေမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“ပထမဖမ်းတုန်းက ကျွန်တော်တို့ မြင်သလောက် ခုနစ်ယောက်လောက်ပါတယ်၊ နောက်ကျောင်းတွေက တစ်ဆယ်ကျော်၊ နှစ်ဆယ်ကျော် အဲ့လိုပါတယ်ဆိုတော့ အကုန်လုံး စုစုပေါင်း ၈၀ ကျော်လောက်ပါတယ်လို့ သိရတယ်”

ပုဏ္ဏားကျွန်းမြို့နယ်မှာ နေထိုင်တဲ့ လူငယ်တစ်ဦးလည်း စစ်တွေမြို့နယ်က ဘုန်းကြီးကျောင်းတစ်ခုမှာ ရောက်နေချိန် အဖမ်းခံလိုက်ရတယ်လို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားတယ်ဆိုတာ အတိအကျမသိရသေးဘူးလို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။ ရခိုင်ပြည်နယ်အခြေစိုက် သတင်းမီဒီယာတွေမှာတော့ စစ်ကောင်စီက ဧည့်စာရင်းစစ်ပြီး စစ်တွေမှတ်ပုံတင် မကိုင်ဆောင်ထားတဲ့ လူငယ် ၁ဝဝ ကျော် ဖမ်းဆီးသွားကြောင်း ရေးသားကြပေမဲ့ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

၂ဝ၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ကနေ ၂ဝ၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အမျိုးသား ၄၂၄ ဦး၊ အမျိုးသမီး ၄၇ ဦး စုစုပေါင်း ၄၇၁ ဦး ဖမ်းဆီးခံထားရတယ်လို့ ဧပြီ ၄ရက်နေ့မှာ ရက္ခိုင့်တပ်တော်(AA) ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။