စစ်တွေမှာ WY ဆေးပြား ၆ သိန်းကျော် ဖမ်းမိ


2018.03.25
sittwe-drugs-622.jpg စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ကျပ်သိန်းပေါင်း ထောင့်နှစ်ရာကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ခြောက်သိန်းကျော်ကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် စစ်တွေမြို့ ရေချမ်းပြင်ဆိပ်ကမ်းမှာ ကာလတန်ဖိုးငွေ ကျပ်သိန်းပေါင်း ထောင့်နှစ်ရာကျော် တန်ဖိုးရှိတဲ့ WY စိတ်ကြွဆေးပြား ခြောက်သိန်းကျော်ကို ရေချမ်းပြင် ရဲကင်းစခန်းက မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ဘိလပ်မြေအိတ်တွေထဲမှာထည့်ပြီး ကားနဲ့သယ်ယူလာရာမှာ ဖမ်းဆီးရမိခဲ့တာလို့ ရေချမ်းပြင် ရဲကင်းစခန်းမှူး ရဲအုပ်ကျော်စိုးဦး က ပြောပါတယ်။

"ဘိလပ်မြေအိတ်တွေနဲ့ရောပြီးတော့ ဘိလပ်မြေအိတ်တွေထဲမှာထည့်ထားတာ ဆေးပြားတွေ၊ ဆေးပြားအားလုံး ခြောက်သိန်းလေးသောင်းကိုးထောင်၊ သိန်းပေါင်း တစ်ထောင့်နှစ်ရာနှစ်ဆယ့်ကိုးသိန်း တော့ကျော်တယ်၊ အဲဒီကားက အခု ကျနော်တို့ ရေချမ်းပြင်ဆိပ်ကမ်းကနေ ဇက်နဲ့ အငူမော်ဘက်ကိုပို့မှာ"

WY စိတ်ကြွဆေးပြားတွေ သယ်ယူလာတဲ့ မော်တော်ယာဉ်ဟာ ရေချမ်းပြင်ဆိပ်ကမ်းကနေတစ်ဆင့် ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းကိုဖြတ်ပြီး မောင်တောမြို့ဘက်ကို ဦးတည်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မနေ့က စိတ်ကြွဆေးပြားတွေနဲ့အတူ ပိုင်ရှင်ဖြစ်သူအပါအဝင် ကားပေါ်မှာပါလာတဲ့လူ ၃ ဦးကို ရဲကဖမ်းဆီးထားပြီး ယာဉ်မောင်းကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရေချမ်းပြင်ရဲကင်းစခန်းမှူးက ပြောပါတယ်။

မတ်လ ၂၂ ရက်နေ့ကလည်း အငူမော်စစ်ဆေးရေးဂိတ်မှာ WY စိတ်ကြွဆေးပြားပေါင်း ရှစ်သိန်းကျော်ကို ဖမ်းဆီး ရမိခဲ့သလို မတ်လ ၂၃ ရက်နေ့ကလည်း မောင်တောမြို့နယ်အနီး ပင်လယ်ပြင်ထဲက ငါးဖမ်းစက်လှေတစ်စီးပေါ် ကနေ WY စိတ်ကြွဆေးပြား ခုနစ်သိန်းကို ဖမ်းဆီးရမိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။