စစ်တောင်းမြစ်ကမ်းပါးပြိုမှု ကဝမြို့နယ်မှာ နေအိမ်တွေ ရာနဲ့ချီ ပျက်စီး
2016.01.07

ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေတဆုပ်ကျေးရွာမှာ စစ်တောင်းမြစ်ကမ်းပြိုမှုကြောင့် နေအိမ် ၁၃ဝ ကျော် ပျက်စီးပြီး လူဦးရေ ၆ဝဝ ကျော်လောက် ရွှေ့ပြောင်းနေထိုင်နေကြပါတယ်။
ရွှေတဆုပ်ကျေးရွာ တစ်ဝက်ကျော်လောက်က ကမ်းပြိုတဲ့အထဲ ပါသွားပြီး ကျန်တဲ့ရွာတစ်ဝက်လောက် က နေအိမ်တွေကလည်း ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြတယ်လို့ အန်အယ်လ်ဒီပါတီက ပဲခူးတိုင်း ကဝမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်က ပြောပါတယ်။
"ရွှေတဆုပ်ကျေးရွာက စစ်တောင်းမြစ်ဝ ပင်လယ်စပ်ပေါ့နော်၊ မုတ္တမပင်လယ်သုံးခွမှာရှိပါတယ်၊ အဲ့ဒီနေရာ ပင်လယ်ဘက်က ဒီရေတိုက်စားပြီးတော့ အဲ့ဒီနေရာမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကတည်းကစပြိုတာ အခုဆိုရင် ရွာတစ်ဝက်ကျော်နီးပါး ကုန်သွားပြီပေါ့နော်၊ ကျေးရွာနေပြည်သူလူထုကလည်း တခြားနေရာတွေမှာ မိမိတို့အစီအစဉ်နဲ့ အဆင်ပြေသလို ရွေ့ပြောင်းပြီး နေထိုင်နေကြရတယ်ပေါ့နော်"
ပြီးခဲ့တဲ့နှစ်လလောက်က ရေတိုက်စားမှု ပိုဆိုးလာတာဖြစ်ပြီး လယ်ဧက နှစ်ထောင်ကျော်လည်း ကမ်းပြိုကျတဲ့အထဲ ပါသွားတယ်လို့ သိရပါတယ်။
ရွှေတဆုပ်ကျေးရွာမှာ နေအိမ် ၂၃ဝ ကျော်နဲ့ လူဦးရေ တစ်ထောင်ကျော် နေထိုင်ကြတာဖြစ်ပြီး အန်အယ်လ်ဒီ ပါတီက အစိုးရရဲ့ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကော်မတီနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အကူအညီပေးရေးအတွက် တင်ပြထားတယ်လို့ ဦးမျိုးခိုင်က ပြောပါတယ်။
မြစ်ကမ်းဟာ ဆက်လက်ပြိုကျနိုင်ခြေရှိတာကြောင့် အဲ့ဒီကျေးရွာမှာ ကျန်ရှိတဲ့ နေအိမ် ၁ဝဝ လောက်ကလည်း တခြားနေရာကို ပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခိုင်ကို RFA သတင်းထောက် မသီရိမင်းဇင် ဆက်သွယ်မေးမြန်း ထားတာ နားဆင်နိုင်ပါတယ်။