မြစ်ရေတိုက်စားတာကြောင့် ရွာတွေပြောင်းရွှေ့ရ
2016.07.14

ပဲခူးတိုင်း ကဝမြို့နယ်မှာ စစ်တောင်းမြစ်ရေတိုက်စားပြီး မြေပြိုတာတွေဖြစ်နေတာကြောင့် အိမ်ခြေ ၁ဝဝ ကျော်ရှိတဲ့ စာဖြူစုကျေးရွာ တစ်ရွာလုံး ရွှေ့ပြောင်းဖို့အတွက် ကူညီကယ်ဆယ်ရေးဆောင်ရွက်ဖို့ လိုအပ်နေကြောင်း မြေပြို ကျမှုတွေ ဖြစ်နေတဲ့နေရာကို သွားရောက်လေ့လာခဲ့သူတွေက ပြောပါတယ်။
စစ်တောင်းမြစ်ရေတိုက်စားပြီး မြေပြိုကျမှုဖြစ်တဲ့နေရာနဲ့ စာဖြူစုကျေးရွာဟာ ပေ ၁ဝဝ ကျော် လောက်သာ ရှိတော့တယ်လို့ ကဝမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခိုင် က ပြောပါတယ်။
"စာဖြူစုရွာနဲ့ဆိုရင် ခုပြိုနေတဲ့ ကမ်းနဖူးနဲ့ ပေက ခန့်မှန်း ၁၃၅ ပေလောက်ပဲ ဝေးတော့တယ်၊ နောက် ၄၊ ၅၊ ၁ဝ ရက်အတွင်းမှာ ရွာထဲကို ရောက်လာနိုင်တာပေါ့နော်၊ အန္တရာယ်ရှိတဲ့ ကျေးရွာလေးတွေကိုတော့ အလျင် အမြန်ရွှေ့ပြောင်းပေးဖို့ အစိုးရအနေနဲ့ ထိုက်သင့်တဲ့ အကူအညီလေးတွေပေးဖို့ လိုအပ်တာပေါ့၊ တခြား CSO၊ NGO အဖွဲ့တွေအနေနဲ့လည်း ကူညီကယ်ဆယ် လှူဒါန်းထောက်ပံ့ပေးကြမယ် ဆိုရင် ပြောင်းရွှေ့မယ့် အိမ်ထောင်စုလေးတွေ အထိုက်အလျောက် အဆင်ပြေမှာပေါ့"
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် တစ်ရက်ကို ပျှမ်းမျှ ၁၅ ပေလောက် မြေပြိုတာတွေဖြစ်နေပြီး ၂ ပတ် အတွင်းမှာ စာဖြူစုကျေးရွာအတွင်းမှာပါ မြေပြိုတာတွေ ဖြစ်လာနိုင်ကြောင်းလည်း ဦးမျိုးခိုင် က ပြောပါတယ်။
စာဖြူစုကျေးရွာမှာ အိမ်ခြေ ၁ဝဝ ကျော်ရှိပြီး တချို့အိမ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းထဲက ပြောင်းရွှေ့သွားကြကာ လက်ရှိအချိန်ထိ နေအိမ် ၉ဝ ကျော်ဟာ ပြောင်းရွှေ့နေထိုင်ရမယ့် နေရာအခက်အခဲ ရှိနေကြတယ်လို့ ပြော ပါတယ်။
အစိုးရအနေနဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ကြန့်ကြာနေမယ်ဆိုရင် အရေးပေါ်ကူညီရေး ဆောင်ရွက်ဖို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်မှာ အရေးကြီးအဆို တင်သွင်းသွားမှာဖြစ်ကြောင်းလည်း ဦးမျိုးခိုင် က ပြောပါတယ်။
စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ကဝမြို့နယ်က သမာန်ဆိပ်ကျေးရွာနဲ့ ရွှေတဆုတ်ကျေးရွာတို့ ဟာလည်း မြေပြိုပြီး ရေထဲပါသွားခဲ့တဲ့အပြင် ရွှေ့ပြောင်းပေးထားတဲ့ ရွှေတဆုတ်ကျေးရွာသစ်ဟာလည်း မကြာခင်လပိုင်းအတွင်း မြစ်ရေတိုက်စားမှုခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။