ရွာထဲဝင်လာတဲ့တပ်က ပစ်လို့ ဘူးသီးတောင်မှာ အမျိုးသမီး နှစ်ဦး ဒဏ်ရာရ
2019.10.28
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် စည်တောင်ကျေးရွာကို ဒီနေ့ မနက်က တပ်မတော် စစ်ကြောင်း တစ်ခုက ရွာထဲကို ပစ်ခတ်ဝင်ရောက်လာခဲ့တာလို့ ရွာသားတွေက ပြောပါတယ်။
တပ်မတော်က ဝင်လာကတည်းက ရွာထဲကိုပစ်ခတ်ပြီး ဝင်လာတာဖြစ်တဲ့အတွက် ရွာသား ၂၀၀ ကျော်ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။
တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်က ဘာကြောင့် အခုလိုရွာထဲကို ပစ်ခတ်ပြီးဝင်လာသလဲဆိုတာကို မသိရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးကပြောပါတယ်။
"ဒီနေ့မနက် ၈ နာရီလောက်က ကျွန်တော်တို့ရွာနဲ့ တစ်မိုင်လောက်ဝေးတဲ့ စပါးထားဆိုတဲ့ ရွာကနေပြီးတော့ ကျွန်တော်တို့ရွာဘက်ကို ပစ်ပြီးတော့လာတယ်။ သူတို့လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်၊ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ ရွာကိုလာကတည်းက လက်နက်ကြီးတွေနဲ့ ပစ်ပြီးတော့လာတာ။ ဒီမှာရွာကလူတွေကလည်း ထွက်ပြေးကြတာပေါ့။ ဘာကြောင့်ပစ်တယ်ဆိုတာလည်း မသိဘူး။ ကျွန်တော်တို့လည်း ကြောက်တာပေါ့နော။ ပစ်ပြီးဝင်လာတော့ အကုန်လုံးပြေးကြတာပေါ့။ ကျွန်တော့မှာဆိုလို့ရှိရင် ရွာထဲမှာ အမေရယ်၊ အဘွားရယ်ကျန်ခဲ့တယ်။ မိန်းမလည်း ကလေးမွေးပြီးတော့ ကျန်ခဲ့တယ်"
ဒီလိုပစ်ခတ်မှုကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မကြာစိန်၊ အသက် ၇၀ ဝန်းကျင်အရွယ် ဒေါ်အေးကျော့ခင် တို့မှာ ထိခိုက်ဒဏ်ရာရခဲ့ကြတယ်လို့ ရွာသားတွေကပြောပါတယ်။
ထိခိုက်ဒဏ်ရာရတဲ့ နောက်ဆက်တွဲအခြေအနေကိုတော့ မသိရသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာခံလူကြီးတစ်ဦးကပြောပါတယ်။
"လူနှစ်ယောက်ထိခိုက်တယ်လို့ သတင်းရနေတယ်။ အမျိုးသမီး သားမိနှစ်ယောက်လေ။ လက်နက်ကြီးကျည် ထိတယ်လို့ပြောတယ်။ အသေးစိတ်တော့မသိရသေးဘူး"
တပ်မတော်က ရွာထဲမှာ နေရာယူထားတာကြောင့် ရွာမှာကျန်ရစ်ခဲ့ကြတဲ့ လူအချို့ဟာ အိမ်အပြင်ကို မထွက်ရဲကြဘဲ ရွာထဲမှာပဲ ပိတ်မိနေကြတယ်လို့ ဆိုပါတယ်။
ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေကတော့ ရွာထဲမှာ ပိတ်မိနေတဲ့ ဒဏ်ရာရသူ နှစ်ဦး၊ မွေးလူနာတစ်ဦးတို့ အမြန်ဆုံးကယ်ထုတ်နိုင်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။
"သတင်းကတော့ ဒဏ်ရာရတာ ငါးယောက်လို့ကြားတယ်။ ဒါပေမဲ့ နောက်လူတွေကတော့ စာရင်းမရသေးဘူး။ ကျွန်တော်တို့ကတော့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကတစ်ဆင့် သက်ဆိုင်တဲ့ စကခ(၁၅)တပ်ပိုင်းဆိုင်ရာ အဖွဲ့အစည်းတွေကို တင်ပြထားပါတယ်။ ပြီးမှာ ကျွန်တော်တို့ ဒီမှာ ကြက်ခြေနီအဖွဲ့နဲ့အတူ ကယ်ထုတ်ရမှာပါ။ အခုလောလောဆယ်က ကြိုးစားတုန်းပဲရှိသေးတယ်။ ခွင့်ပြုချက်တော့ မရသေးပါဘူးခင်ဗျ။ ဒဏ်ရာရတဲ့လူတွေနဲ့ မွေးလူနာကို အဓိကကယ်ထုတ်ဖို့အတွက်ပါခင်ဗျ"
ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ အဲဒီစည်တောင်ရွာမှာ AA နဲ့ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ အခုလိုပြောပါတယ်။
"စည်တောင်ရွာမှာ ဘာမှတိုက်ပွဲဖြစ်တာမရှိဘူးဗျ။ အဲဒါ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ရွာကိုနေပြီးတော့ သက်သက်ရွာကို တစ်ဖက်သတ် ပစ်ခတ်ပြီးတော့ ဝင်လာတာဖြစ်တယ်။ ဒီဟာက ပြောမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ အရပ်သားပြည်သူတွေကို လူမျိုးရေးအရ အငြိုးအတေးကြီးစွာနဲ့ ဦးတည်တိုက်ခိုက်တာလို့ ကျွန်တော်တို့ကတော့ အဲလိုပဲသုံးသပ်တယ်ဗျ"
တပ်မတော်က စည်တောင်ကျေးရွာထဲကို ပစ်ခတ်ပြီးဝင်ရောက်လာတာ၊ တပ်မတော်ကပစ်ခတ်တဲ့ကျည်ကြောင့် ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ စတဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်လို့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ငြင်းဆိုတာ လည်းမရှိသလို ဝန်ခံတာလည်း မရှိပါဘူး။
ရခိုင်ပြည်နယ်ထဲက ကျေးရွာတွေကနေ သတင်းမီဒီယာတွေနဲ့ ဆက်သွယ်ပြောဆိုသူတွေဟာ အေအေ တွေပဲလို့ ယူဆကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုံ့ပြန်ပါတယ်။
အဲဒီဒေသခံတွေဆိုတာက ကျွန်တော်ထင်တယ် အေအေပဲ ဖြစ်လိမ့်မယ်။
"အဲဒီဒေသခံတွေဆိုတာက ကျွန်တော်ထင်တယ် အေအေပဲ ဖြစ်လိမ့်မယ်။ မဟုတ်သုတ်ခတွေ လျှောက်ပြီးတော့မှ ကျွန်တော်ကတော့ ဘယ်ရွာက ရွာသားပါ၊ ကျွန်မက ဘယ်ရွာကရွာသားပါ ဆိုပြီးတော့မှ ဖုန်းဆက်နေတဲ့ ကောင်တွေမှန်သမျှ အေအေတွေချည်းပဲဗျ။ ကျွန်တော် အဲဒီအတိုင်းပဲပြောမယ်"
စည်တောင်ကျေးရွာဟာ ရသေ့တောင်မြို့နယ်နဲ့ ချောင်းတစ်ခုသာ ခြားပါတယ်။
ဒီဒေသမှာ ရက္ခိုင့်တပ်တော်(AA)နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အခုနှစ်အတွင်း လက်နက်ကြီး၊ လက်နက်ငယ်၊ မိုင်း စတာတွေကြောင့် အရပ်သားသေဆုံးမှု ၉၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရမှု ၁၃၀ ကျော်အထိရှိနေပြီလို့ ဒေသခံတွေက ပြောပါတယ်။