စဉ့်ကူးမှာ တောင်သူ ၃၀၀ ခန့် ထွန်တုံးတိုက်ပွဲဆင်နွှဲ
2016.03.02

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်က တရော်ပင်ကျေးရွာမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၂၀၀ ကျော် မှာ ဒေသခံတောင်သူ ၃၀၀ လောက်က ဒီနေ့ ဝင်ရောက်ထွန်ယက်ခဲ့ပါတယ်။
သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေဟာ ဘိုးဘွားပိုင်မြေတွေဖြစ်တဲ့အတွက် ပြန်လည်ရရှိဖို့ အစိုးရဌာနဆိုင်ရာတွေ ကို တင်ပြတောင်းဆိုခဲ့ပေမယ့် မဖြေရှင်းပေးတာကြောင့် တောင်သူလယ်သမားနေ့မှာ အခုလိုဝင်ရောက်ထွန်ယက် တာဖြစ်တယ်လို့ တောင်သူ မဝင်းမာက ပြောပါတယ်။
"ကျမတို့ရဲ့ ဓါးမဦးချ ဘိုးဘွားပိုင်မြေတွေကို ကျမတို့အနေနဲ့ သီးစားလုပ်ပြီး နေနေရတဲ့ဘဝကနေ ကျွတ်လွတ်အောင် ဌာနဆိုင်ရာအသီးသီးကို ကျမတို့မြေတွေကို ပြန်လည်လုပ်စားပိုင်ခွင့် တောင်းခံပြီး တင်ပြခဲ့ပါတယ်၊ အဲ့လိုတင်ပြခဲ့သော်လည်းပဲ ဌာနဆိုင်ရာအသီးသီးက အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ၂ဝ၁၆ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဆရာစံ စခဲ့တဲ့ တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျမတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်ပါတယ်"
လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ၄ က တပ်ရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်ပျိုးဖို့ သိမ်းယူခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တောင်သူတွေကို ငှားရမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
တရော်ပင်ကျေးရွာက တောင်သူ ၃၀၀ လောက်ဟာ စားဝတ်နေရေး ခက်ခဲနေတဲ့အတွက် တပ်မတော်အနေနဲ့ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင် တောင်သူတွေထံ ပြန်လည်လွဲှပြောင်းပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။