ခန်လူးကျေးရွာ တောင်သူ ၂၁ ဦး အာမခံရရှိ
2017.01.10

မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မန္တလေးတိုင်း ခန်လူးကျေးရွာက တောင်သူ ၂၁ ဦးကို စဉ့်ကိုင်မြို့နယ်တရားရုံးက ဒီကနေ့ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
အဲဒီတောင်သူ ၂၁ ဦးကို သူတစ်ပါးအသက်အန္တရာယ်ကို ကြိုတင်ကြံစည်မှု ၊ ဝတ္တရားနှောင့်ယှက်မှု၊ ပိုင်နက်ကျူး လွန်မှုတို့နဲ့ စွဲဆိုခဲ့တာဖြစ်ပြီး သူတစ်ပါးအသက်အန္တရာယ်ကို ကြိုတင်ကြံစည်မှု ပုဒ်မဟာ အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်ပေမယ့် အဲဒီတောင်သူတွေကို ဒီနေ့ စဉ့်ကိုင်မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး အာမခံပေးလိုက်တာဖြစ်ပါတယ်။
အဲဒီတောင်သူတွေဟာ အမှတ် ၂ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) က ခန်လူးရွာအစွန်က နေအိမ် ၁၇ လုံး နဲ့ လယ်ယာတွေကို ခြံစည်းရိုးခတ်နေစဉ် တားမြစ်ခဲ့တဲ့ တောင်သူတွေဖြစ်ပါတယ်။
စရဖ က ကျူးကျော်နေတယ်လို့ဆိုတဲ့ မြေဧက ၇၀ ခန့်မှာ တောင်သူတွေ လုပ်ကိုင်နေထိုင်လာခဲ့တာ နှစ်ပေါင်း ၄၀ နီးပါးရှိနေပြီလို့ တောင်သူတွေက ဆိုပါတယ်။
ဒီကနေ့ တောင်သူတွေ အာမခံရရှိဖို့အတွက် မန္တလေးတိုင်းအစိုးရအဖွဲ့နဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ်တို့က တရားရုံးအထိ လာရောက်ကူညီခဲ့ကြပါတယ်။
ခန်လူးတောင်သူတွေပိုင်ဆိုင်တဲ့ သိမ်းဆည်းခံ မြေဧက ၇၀ ခန့်ကို လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်က ထောက်လှန်းရေး တပ်က သိမ်းဆည်းခဲ့တာဖြစ်ပြီး ၄ နှစ်အကြာမှာ စရဖ က အဲဒီလယ်ယာတွေကို လွှဲပြောင်းရယူထားတယ်လို့ သိရပါတယ်။