ရွှေညဝါဆရာတော်ကို ကျောင်းတိုက်က ဖယ်ရှား

နိုင်ငံရေး အထိမ်းအမှတ်ပွဲတွေ ကျင်းပလေ့ရှိတဲ့ ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်က ရွှေညဝါဆရာတော် ဦးပညာသီဟကို ကျောင်းတိုက်ကနေ ဖယ်ရှားဖို့ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။

2011.12.15
shwe-nya-war-305 ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက် ရွှေညဝါဆရာတော် ဦးပညာသီဟ။
RFA

ဒီဇင်ဘာ ၁၂ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ အဲဒီစာကို ၁၃ ရက် ညနေ ၆ နာရီလောက်မှာ ဆရာတော်ဆီ ပို့လိုက်တယ်လို့ ဆရာတော်ရဲ့ ဒါယကာ ဒါယိကာမ အသိုင်းအဝန်းကတစ်ဆင့် သိရပါတယ်။

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးမှာ ရွှေညဝါဆရာတော် ဦးပညာသီဟ တရားဟောတဲ့ ကိစ္စကြောင့် နိုဝင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မဟာနာယက စုံညီအစည်းအဝေးကနေ ဆုံးဖြတ်လိုက်ကြောင်း ရေးသားထားပြီး ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက် ၃ ချက်ကို စာထဲမှာ ဖော်ပြထားပါတယ်။

ဆရာတော်ကို သာဓုကျောင်းကနေ ဖယ်ရှားဖို့၊ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်ရဲ့ ဆုံးမညွှန်ကြားတာကို မလိုက်နာတဲ့အတွက် ဒုဗ္ဗစပုဂ္ဂိုလ် အဖြစ်သတ်မှတ်ဖို့နဲ့ နိုင်ငံတော် သံဃာ့မဟာနာယကရဲ့ ခွင့်ပြုချက်မရဘဲ သာဓုကျောင်းမှာ ဘယ်လိုသင်တန်းမှ ဖွင့်လှစ်ခွင့်မပြုဖို့ဆိုတဲ့ ဆုံးဖြတ်ချက်တွေပါ။

ဒုဗ္ဗစပုဂ္ဂိုလ်ဆိုတာ ပြောဆိုဆုံးမလို့ခက်ခဲတဲ့ ပုဂ္ဂိုလ်လို့ အဓိပ္ပာယ်ဆောင်တာကြောင့် အခုလို ရွှေညဝါဆရာတော်ကို ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်တာဟာ နိုင်ငံအကျိုး ဆောင်ရွက်နေတဲ့ ဆရာတော်နဲ့ ဘယ်လိုမှ မလျော်ကန်တဲ့အကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ဦးဆောင် ဆရာတော် ဦးပညာဇောတက မိန့်ကြားပါတယ်။

ရွှေညဝါဆရာတော် ဦးပညာသီဟဟာ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ် ၁ နာရီမှာ နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ကြီးနဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သိရပါတယ်။

ဆရာတော်ဟာ မိမိသီတင်းသုံးရာကျောင်းမှာ နိုင်ငံရေး အထိမ်းအမှတ်ပွဲတွေကျင်းပဖို့ လက်ခံလေ့ရှိသလို ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တရားဟောလေ့ရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရရှိခြင်း အနှစ် ၂၀ ပြည့်အထိမ်းအမှတ်ပွဲကို ရွှေညဝါဆရာတော် သီတင်းသုံးတဲ့ သာဓုကျောင်းမှာ ကျင်းပခဲ့ပါတယ်။

မန္တလေး NLD ရုံးမှာ တရားဟောခဲ့တဲ့အတွက် သံဃာ့မဟာနာယကအဖွဲ့က အရေးယူမယ်လို့ စာရေးသား မိန့်ကြားခဲ့တဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သံဃာ့မဟာနာယကအဖွဲ့ထံ ပြန်လည်စဉ်းစားပေးဖို့ စာရေးသား လျှောက်ထားမယ့် အကြောင်းကို ဆရာတော်ထံ လျှောက်ထားခဲ့ပါတယ်။

အဲဒီလျှောက်ထားချက်ကို ဆရာတော် ဦးပညာသီဟက သံဃာ့နည်းလမ်းနဲ့သာ ဖြေရှင်းလိုသေးတယ်လို့ ပြန်လည် မိန့်ကြားကြောင်း အာအက်ဖ်အေကို မိန့်ပါတယ်။

ရွှေညဝါ ဆရာတော် ဦးပညာသီဟ ထံ ဒီကနေ့ နေ့လည်ပိုင်းက အန်အယ်လ်ဒီ ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး နဲ့ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့ ရောက်ရှိခဲ့ပြီး လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ဆရာတော် ဦးပညာသီဟ ဟာ သူ့အနေနဲ့ မန္တလေး အန်အယ်လ်ဒီရုံးမှာ တရားဟောတာ မဟုတ်ကြောင်း၊ ဥပဒေကို လေးစားကြောင်း မိန့်ကြားခဲ့တယ်လို့ မိန့်ကြားပါတယ်။ ဆရာတော်ဟာ ပြီးခဲ့တဲ့နှစ်က ငါးပါးမမှောက်ကြပါစေနဲ့ ဆိုတဲ့တရား ဟောခဲ့တဲ့အတွက် တစ်နှစ်တိတိ တရားဟောခွင့် ပိတ်ပင်ခံထား ရတာဖြစ်ပါတယ်။ လာမယ့်နှစ် ဖေဖော်ဝါရီလ ရောက်မှသာ ပိတ်ပင်မှုကနေ ကင်းလွတ်မှာ ဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ကို အာအက်ဖ်အေ ဝိုင်းတော်သား ဦးဝင်းနိင် လျှောက်ထားမေးမြန်းခဲ့တာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။

NLD ပါတီနှင့် ရွှေညဝါဆရာတော် ဘုရားအပေါ် တခြားသံဃာတွေရဲ့ အမြင်တွေကို ဦးဉာဏ်ဝင်းအောင် တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-15 19:40

NLD အနေနဲ့ဝင်ပါရင်မှားသွားမှာပေါ့..အဲဒါပဲပြောချင်တယ်