စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူသွားမယ်လို့ NUG ကြေညာ

2024.02.24
စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူသွားမယ်လို့ NUG ကြေညာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က တွေ့ရစဉ်။
ShweBo People Defence Force

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် မြင်းစီးရွာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ အသက် သုံးနှစ်အရွယ် ကလေးငယ်နဲ့ မိသားစုဝင် ငါးဦးအသတ်ခံခဲ့ရတဲ့ ကိစ္စအပါအဝင် စစ်ကောင်စီရဲ့ အကြမ်းဖက်ကျူးလွန်မှုတွေကို အပြစ်ပေးနိုင်ဖို့ တာဝန်ယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြောလိုက်ပါတယ်။

အခု ဖေဖော်ဝါရီလ (၁၅) ရက်နေ့ ညနေ (၅) နာရီလောက်မှာ မြင်းစီးရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင် ဦးဌေးအောင် ဦးဆောင်တဲ့ အဖွဲ့ဝင် (၁၅)ဦးဟာ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့သူရဲ့ မိသားစုဝင်တွေကို ပစ်မှတ်ထားသတ်ဖြတ်ခဲ့တယ်လို့ NUG က ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေဟာ အသက် ၇၀ အရွယ် ဒေါ်ဆင်နန်း၊ အသက် ၅၅ နှစ်အရွယ် ဦးလင်း၊ ဒေါ်မြင့်သန်း၊ အသက် ၄၂ နှစ်အရွယ် ဒေါ်ဆန်းမင်း၊ အသက် ၂၄ နှစ်အရွယ် ကိုယ်ဝန်ဆောင်သည် မချစ်စုအောင်နဲ့ သူ့ရဲ့သား အသက် သုံးနှစ်အရွယ် မောင်ဇေထူးအောင်တို့ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံတွေ ပြောဆိုချက်အရ မြင်းစီးရွာဟာ ပျူစောထီးအားကောင်းတဲ့ရွာ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကတော့ ဒေသခံတွေ အသတ်ခံရတဲ့ကိစ္စ သူမသိရတဲ့အကြောင်း RFA ကို ပြောထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း (၄၅၈၁) ယောက် သေဆုံးခဲ့ရပြီလို့ ဆိုပါတယ်။ အတည်ပြုဖို့ လိုအပ်နေတဲ့ အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၀၀၀) ဝန်းကျင် စာရင်းကိုလည်း ပြုစုနေတယ်လို့ AAPP က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။