မူးယစ်ဆေးဝါးသယ်ဆောင်သူ စသုံးလုံးအရာရှိတချို့ကို တရားစွဲဆို
2015.12.31
ရှမ်းပြည်နယ်မှာ ငွေကျပ်သိန်းပေါင်း တစ်သိန်း နှစ်သောင်း နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေ သယ်ဆောင်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ အထူးစုံစမ်း စစ်ဆေးရေး (စသုံးလုံး) အဖွဲ့က အရာရှိတချို့နဲ့ အမှုမှာပါဝင်တဲ့သူတွေ ကို တောင်ကြီးခရိုင် တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အမှုနဲ့ပတ်သက်ပြီး ဖမ်းမိထားသူ ၇ ဦးရှိပြီး အဓိက တရားခံ အိုက်ပိ (ခေါ်) အိုက်နုက ထွက်ပြေး တိမ်းရှောင်နေ ဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ (နေပြည်တော်) မူးယစ်ဆေးဝါး တားဆီးနှိမ်းနှင်းရေးဌာနက ဌာနမှူး ရဲမှူးကြီး ရွှေညာမောင် က ပြောပါတယ်။
"အားလုံးတရားစွဲထားပြီးပြီး တရားရုံးကို၊ ဖမ်းထားတဲ့အားလုံး ၇ ယောက်လုံးကို ကျနော်တို့ တရားစွဲထား ပါတယ်၊ စစ်ဆေးနေဆဲ တရားရုံးမှာ၊ တရားရုံးကတော့ နဂိုစွဲထားတဲ့ ပြစ်မှုတွေအတိုင်းပါပဲခင်ဗျ၊ မိတဲ့နေရာက ပင်လောင်းဆိုတော့လည်းပဲ ခရိုင်အမှုဖြစ်တဲ့အတွက်ကြောင့် တောင်ကြီးခရိုင်တရားရုံးကို တရားစွဲထားတယ်"
အဲ့ဒီမူးယစ်အမှုနဲ့ ပတ်သက်တဲ့ အဓိက တရားခံ အိုက်ပိ (ခေါ်) အိုက်နုဟာ ရှမ်းပြည်အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့က ဖြစ်တယ်လို့ ဖမ်းဆီးခံထားရသူတွေက ထွက်ဆိုထားပေမယ့် ရဲတပ်ဖွဲ့အနေနဲ့ ခိုင်လုံတဲ့သက်သေ အထောက်အထားတွေ မရသေးဘူးလို့ ရဲမှူးကြီး ရွှေညာမောင်က ပြောပါတယ်။
ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့က အထူးစုံစမ်းစစ်ဆေးရေး အရာရှိတွေ ပါဝင်တဲ့ မူးယစ်ဆေးဝါးအမှုဟာ သူတို့အဖွဲ့နဲ့ ဆက်စပ်မှုမရှိဘူးလို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၁ ရက်နေ့က ရှမ်းပြည်နယ် မူးယစ်တပ်ဖွဲ့စု (၂၆) ပင်လောင်း တပ်ဖွဲ့က စသုံးလုံးအရာရှိ သူရဝင်း မောင်းနှင်းလာတဲ့ မော်တော်ကားကို ရှာဖွေရာမှာ ဘိန်းညိုမှုန့် ၄၈၂ ကီလို၊ ပွိုင့် ၂၂ ပစ္စတိုသေနတ် တစ်လက်နဲ့ ကျည်ထောင့် ၁၃ ထောင့်တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။