လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ စစ်ပွဲတွေရပ်ဖို့ ရှမ်းပါတီ တောင်းဆို
2011.07.26

Map by Shan Human Rights Foundation
ဝန့်ဟိုင်း တဝိုက်မှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ကျောင်းဆရာ ဆရာမတွေ ဒေသကနေ ထွက်ခွါသွားကြသလို ကျောင်းသူကျောင်းသားတွေလည်း ထွက်ပြေးကြရတဲ့အတွက် ကျောင်းတွေ အလိုလို ပိတ်သွားခဲ့တယ်လို့လည်း ပြောပါတယ်။ ၂၄ ရက်နေ့မှာတော့ မြို့နယ် ပညာရေးမှူးက ကျောင်းပြန်ဖွင့်ဖို့ ပြောဆိုကြောင်း၊ ဘာမှ မဖြစ်စေရဘူးလို့ ပြောဆိုမှာကြားခဲ့ပေမဲ့ ဝန့်ဟိုင်း အပစ်ရပ် ခေါင်းဆောင်တွေကတော့ ကျောင်းပြန်ဖွင့်ဖို့ အတွက် အနီးတဝိုက်မှာ ရှိတဲ့ တပ်တွေ မရုပ်သိမ်းသေး သမျှ တိုက်ပွဲ အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်း ပြန်လည် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည် မြောက်ပိုင်း မိုင်းရယ်မြို့မှာရှိတဲ့ အစိုးရ တပ်စခန်းတခုကို SSA မြောက်ပိုင်းတပ်တွေ တိုက်ခိုက် မီးရှို့ ဖျက်ဆီးပြီး နောက်ပိုင်း မြန်မာအစိုးရ တပ်တွေကလည်း မိုင်းရယ်မြို့နားက နမ့်ပုတ်ရွာကို ဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ အိမ်ခြေ (၅၀) ကျော်ရှိတဲ့ အဲဒီရွာမှာ သက်ကြီး ရွယ်အိုကလွဲပြီး ကျန်ရွာသားတွေ ထွက်ပြေးခဲ့ကြ ပါတယ်။ အဲဒီနောက် အစိုးရတပ်တွေက အဲဒီရွာက အိမ်တွေကို စစ်စခန်း အဖြစ် အသုံးပြုနေကြောင်း သိရပါတယ်။
ဒီအတောအတွင်း ရှမ်းပြည်နယ် အတွင်း ဖြစ်ပွါးနေတဲ့ ထိုးစစ်တွေကို အဆုံးသတ်ပြီး ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြဿနာတွေ ဖြေရှင်းပေးဖို့ ဇွန်လ (၃၀) ရက်နေ့ ကြားဖြတ် အထူး လွှတ်တော်မှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ SNDP က အဆိုပြု စာတမ်း တစောင် တင်သွင်းခဲ့ကြောင်း SNDP ပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက RFA ကို ပြောပါတယ်။
SNDP ပါတီကို မဲပေးခဲ့ကြတဲ့ ရှမ်းပြည်သူ လူထုကလည်း စစ်ပွဲတွေ ရပ်ဆိုင်းရေး လိုလားနေတာနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးရေးဟာ အရေးကြီးတဲ့အကြောင်း၊ ကြားဖြတ် လွှတ်တော်ဟာ ၂ ရက်သာ ဖြစ်တဲ့အတွက် မှတ်တမ်းတင်တဲ့ အဆင့်သာ ရှိမှာ ဖြစ်ကြောင်း၊ နောင်ပုံမှန် လွှတ်တော် အစည်းအဝေး ကျမှသာ ထူးခြားနိုင်မယ်လို့ ယူဆကြောင်း ဦးစိုင်းအိုက်ပေါင်း က ပြောပါတယ်။
လောလောဆယ် မှာတော့ SNDP ပါတီ ခေါင်းဆောင်တွေဟာ အရေးပေါ် အစည်းဝေး တရပ် ကျင်းပနေကြောင်း သိရပါတယ်။