ရန်ကုန်မှာ ဆဲဗင်းဇူလိုင် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်

RFA Burmese
2024.07.07
ရန်ကုန်မှာ ဆဲဗင်းဇူလိုင် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ် ရန်ကုန်မြို့တွင် ဆဲဗင်းဇူလိုင် အထိမ်းမှတ်နေ့ လှုပ်ရှားမှုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့က တွေ့ရစဉ်။
Long Live Student’s Revolution Photo

လုံခြုံရေးတွေ တင်းကျပ်ထားတဲ့ ရန်ကုန်မြို့က နေရာတချို့မှာ ဇူလိုင်လ ၇ ရက်နေ့ ဒီနေ့မနက်ပိုင်း (၆၂) နှစ်မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်နေ့ကို မမေ့ကြဖို့ လှုပ်ရှားမှုအဖြစ် မြို့ပြ စစ်အာဏာရှင်ဆန့်ကျင်ရေး အင်အားစုတွေ ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

လူစည်ကားတဲ့ မြို့လယ်ခေါင်နဲ့ ခုံးတံတားတွေမှာ ဆဲဗင်းဇူလိုင်နဲ့ ပတ်သက်တဲ့ စာတန်းတွေကို ချိတ်ဆွဲတာနဲ့ ဓာတ်ပုံရိုက်လှုပ်ရှားမှုတွေကို ပြလုပ်ခဲ့တာပါ။

ဆဲဗင်းဇူလိုင် အရေးတော်ပုံမှာ မပြီးပြတ်သေးတဲ့ တော်လှန်ရေးလုပ်ငန်းတွေကို နွေဦးတော်လှန်ရေးမှာ အဆုံးသတ်သွားမယ်လို့ ဒေါက်တာ တေဇာဆန်းက RFA ကို ပြောပါတယ်။

“အခု ကျွန်တော်တို့ ဖော်ဆောင်နေတဲ့ ပြည်သူ့နွေဦးတော်လှန်ရေးကလည်း ရှေ့မှာ ဆဲဗင်းဇူလိုင် အရေးတော်ပုံရဲ့ မပြီးပြတ်သေးတဲ့ တော်လှန်ရေး ထမ်းပိုးရခြင်းဖြစ်တယ်။ ဒီနွေဦးတော်လှန်ရေးမှာတော့ မပြီးပြတ်သေးတဲ့ တော်လှန်ရေးအားလုံးကို အဆုံးသတ်အောင်ပွဲအနေနဲ့ ဖော်ဆောင်ကြမယ်ဆိုတဲ့ ခံယူချက်နဲ့ ဆဲဗင်းဇူလိုင် အရေးတော်ပုံ အပါအဝင် ရှေးအဆက်ဆက်က အရေးတော်ပုံကြီးတွေရဲ့ လက်ဆင့်ကမ်း သမိုင်းအမွေကို ထမ်းပိုးပြောင်းပြီး ထမ်းရွက်နေကြခြင်း ဖြစ်ပါတယ် "

ဆဲဗင်းဇူလိုင် အထိမ်းအမှတ်နေ့ဟာ မြန်မာသမိုင်းမှာ မေ့‌ဖျောက်ထားလို့မရတဲ့ စစ်အာဏာရှင်ဆန့်ကျင်တဲ့ အရေး‌တော်ပုံဖြစ်ပြီး ဖိနှိပ်မှုတွေကို ခေါင်းငုံ့မခံခဲ့ဘဲ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားလူငယ်ထုကို ထင်ဟပ်တဲ့ သမိုင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ဖွဲ့အတွင်းမှာလည်း (၆၂) မြောက် ဆဲဗင်းဇူလိုင် အထိမ်းအမှတ်နေ့ အခမ်းနားကို ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ မြန်မာသံရုံးရှေ့မှာလည်း ဇူလိုင်လ ၆ ရက်နေ့ မနေ့ကတည်းက (၆၂) နှစ်မြောက် ဆဲဗင်းဇူလိုင်အထိမ်းအမှတ်နေ့ စာတန်းချိတ်ဆွဲတာကို ကျောင်းသားလူငယ်တချို့က ပြုလုပ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။