ပွင့်ဖြူမှာ ဆရာဝန်နဲ့ ကျန်းမာရေးဝန်ထမ်း ခုနစ်ဦး ဖမ်းဆီးခံရ
2025.01.31

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရှောက်တောရွာက ဆရာဝန်နှစ်ဦး အပါအဝင် စုစုပေါင်း ကျန်းမာရေးဝန်ထမ်း ခုနစ်ဦးကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ပွင့်ဖြူမြို့ပေါ်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မင်းဘူးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုအညာသားက ပြောပါတယ်။
ရှောက်တောရွာက ဒေါက်တာကျော်ခိုင်ဦး၊ ခန်းမြေ့ဆေးခန်းက ဆရာဝန်တစ်ဦးနဲ့ ကျေးလက်ဆေးပေးခန်းက ကျန်းမာရေးဝန်ထမ်းတွေကို ပွင့်ဖြူအခြေစိုက် ဝါစိုက်ပျိုးရေးတပ်က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဘာကြောင့်ဖမ်းဆီးတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးတာဖြစ်နိုင်တယ်လို့ ကိုအညာသားက ပြောပါတယ်။
“ဖမ်းသွားတာက ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဒေါက်တာကျော်ခိုင်ဦး အပါအဝင် အားလုံးပေါင်း ခုနစ်ယောက်လို့ ကျွန်တော် သိထားရတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်လိုက်တဲ့အချိန်မှာ သူတို့ကို ဓားစာခံအဖြစ်နဲ့ ခေါ်လာတဲ့ သဘောမျိုးလို့ ကျွန်တော် မြင်တယ်ပေါ့နော်”
ပွင့်ဖြူမြို့နယ်ထဲမှာ မကြာခဏတိုက်ပွဲဖြစ်တာ၊ စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုးစီးနင်းတာစတဲ့ စစ်ရေးအခြေအနေ တင်းမာမှုတွေလည်း ရှိနေတာပါ။
ဇန်နဝါရီလ ၃၀ ရက်နေ့က ပွင့်ဖြူမြို့နယ် မဲဇလီရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်တာကြောင့် ရဲစခန်းအဆောက်အအုံတချို့ မီးလောင်ပျက်စီးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရ တိုင်းလူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ပွင့်ဖြူမြို့နယ်နဲ့ နယ်မြေချင်းဆက်စပ်နေတဲ့ ငဖဲမြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာလည်း ဒီရက်ပိုင်းတိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။