မန္တလေးတိုင်းမှာ ကျောင်းသားတွေ မကြာခဏ အသတ်ခံရလို့ ကျောင်းသားသမဂ္ဂက လုံခြုံရေးတောင်းဆို
2018.12.27
မန္တလေးတိုင်းမှာ ၆ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ယောက်အသတ်ခံလိုက်ရတဲ့အတွက် ကျောင်းပရဝုဏ်တွေမှာ လုံခြုံရေးကောင်းအောင်စီစဉ်ပေးဖို့ ကျောင်းသားတွေ တောင်းဆိုနေကြ ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ကျောက်ဆည်တက္ကသိုလ်ကျောင်းသား ကိုနေမင်းထက်ဟာ တယ်လီဖုန်းအလုခံရပြီး ဓားထိုးအသတ်ခံလိုက်ရပါတယ်၊၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆိုက်ဘာ စီးတီးတက္ကသိုလ်ကျောင်းသား ကိုထက်လင်းသန့်ဟာ မော်တော်ဆိုက်ကယ်အလုခံရပြီးအသတ်ခံရ လိုက်ရပါ တယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတု နောက်ဆုံး နှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံလိုက်ရပါတယ်။ ဒီဖြစ်ရပ်အတွက် ထပ်တူဝမ်းနည်း ကြေကွဲရတဲ့ အကြောင်းကြားစာကို ပညာရေးဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဒေါက်တာဦးဝင်းမော်ထွန်းက ဒီဇင်ဘာလ ၂၆ ရက်နေ့စွဲနဲ့ ကိုစိုးမိုးဟိန်းရဲ့မိဘတွေဆီ ပေးပို့ခဲ့ပါတယ်။
ကျောက်ဆည်ကျောင်းသား အသတ်ခံရမှုမှာတော့ တရားခံ ၃ ယောက်မှာ တယောက်ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းနဲ့ ကျန်တဲ့ ၂ ယောက်ကို ထောင် ၁ဝ နှစ်စီချလိုက်တယ်လို့ ရတနာပုံတက္ကသိုလ် ဗကသများအဖွဲ့ချုပ်က ကိုရဲမျိုးဆွေ ကပြောပါတယ်။ ဆိုက်ဘာစီးတီး ကျောင်းသားအသတ်ခံရတဲ့အမှု မှာ တရားခံ ၅ ယောက်ပါပြီး၊ အဲဒီထဲက ၄ ယောက်ပဲမိထားပါတယ်၊ ၁ ယောက် လွတ်နေသေးတယ်လို့ ပြောပါတယ်။
အခုနောက်ဆုံးဖြစ်တဲ့ ကုန်ထုတ်ဓာတုနောက်ဆုံးနှစ်ကျောင်းသား ကိုစိုးမိုးဟိန်း အသတ်ခံရတဲ့အမှုမှာ ပတ်သက်တဲ့သူ ၄ ယောက်ရှိတယ်လို့ သူနဲ့အတန်းဖော်သူငယ်ချင်းတယောက်ကပြောပါတယ်။ ဒါပေမဲ့ ခုချိန်ထိ တရားခံတယောက်မှ မမိသေးဘူးလို့လည်း သမဂ္ဂခေါင်းဆောင် ကိုရဲမျိုးဆွေ က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရဲစခန်းကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ဒီလို ကျောင်းသားတွေ မကြာခဏ အသက်အန္တရာယ်ကျနေတဲ့အတွက် မြို့စွန်မှာတည်ဆောက်ထားတဲ့ ကျောင်းတွေကို လုံခြုံရေးပိုယူပေးဖို့၊ ဒါမှမဟုတ် မြို့တွင်းကကျောင်းတွေနဲ့ ပေါင်းပေးဖို့ ရတနာပုံ တက္ကသိုလ် ဗကသများအဖွဲ့ချုပ်က မကြာခဏဆန္ဒပြတောင်းဆိုနေပေမယ့် မန္တလေးတိုင်းအစိုးရက လျစ်လျူရှုထားတယ်လို့ ကိုရဲမျိုးဆွေ ကပြောပါတယ်။