ပုဒ်မ ၆၆(ဃ)ကို အာမခံပေးလို့ရတဲ့ ပုဒ်မအဖြစ် ပြင်ဆင်တဲ့မူကြမ်း ထုတ်ပြန်


2017.07.08
section-66d-ygn-620.jpg ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ကို ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဇွန်လ ၃ဝ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ်
Photo: Thant Zin Oo/RFA

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ကို အာမခံပေးလို့ရတဲ့ ပုဒ်မအဖြစ် ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်း ကို ပြည်ထောင်စုလွှတ်တော်ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ မနေ့က ထုတ်ပြန်ထားပါတယ်။

အဲဒီဥပဒေကြမ်းကို အမြန်ဆုံး ဆွေးနွေးအတည်ပြုနိုင်ဖို့ မျှော်မှန်းတယ်လို့  ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော် မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောပါတယ်။

"အာမခံပေးနိုင်တယ်ဆိုတဲ့ကိစ ္စထည့်ထားတယ်ဗျာ။ နောက် လူကိုယ်တိုင်သော်လည်းကောင်း သူ့ရဲ့ ကိုယ်စားလှယ်ကသော်လည်းကောင်း တိုင်ကြားမှ တရားရုံးတွေက လက်ခံ၊ စစ်ဆေးကြားနာရမယ်။ အဲဒီလောက်ပဲ။ သုံးချက်၊ လေးချက် အဲဒီလောက်ပါပဲ။ အမြန်ဆုံး ပြီးနိုင်ပါတယ်ခင်ဗျ"

လက်ရှိအချိန်မှာ အဲဒီ ဥပဒေကြမ်းဟာ ပြည်ထောင်စုလွှတ်တော် နာယက ဆီမှာပဲ ရှိနေနိုင်သေးပြီး ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွေဆီကို မရောက်သေးဘူးလို့ ပြောပါတယ်။

ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းမှာ ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့် တိုင်ကြားခံရသူတွေကို အာမခံပေးဖို့အပြင် အဲဒီ ပုဒ်မ ၆၆  (ဃ) နဲ့ အမှုဖွင့်ဖို့အတွက် ဆက်သွယ်ရေး ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုချက် ယူစရာမလိုအောင်လည်း ပြင်ဆင်ထားပါတယ်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) မှာ မည်သူမဆို ဆက်သွယ်ရေး ကွန်ယက်တစ်ခုခုကို အသုံးပြုပြီး ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ကို ခြောက်လှန့်တောင်းယူတာ၊ အနိုင်အထက်ပြုတာ၊ မတရား တားဆီးကန့်ကွက်တာ၊ အသရေဖျက်တာ၊ နှောင့်ယှက်တာ၊ မလျော်သြဇာသုံးတာ၊ ခြိမ်းခြောက်တာတွေလုပ်ရင် သုံးနှစ်ထက်မပို တဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမယ်လို့ ပြဌာန်းထားပါတယ်။

အဲဒီ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တိုင်ကြားခံရသူ အများစုဟာ အာမခံမရဘဲ အချုပ်ထောင်ထဲကနေ အမှုရင်ဆိုင်နေရတာဖြစ်ပါတယ်။

လက်ရှိအချိန်အထိ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲခံရသူူ ၇၁ ဦးရှိပြီး အဲဒီအထဲမှာ သတင်းမီဒီယာ သမားတွေလည်း ပါဝင်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။