အမေရိကန်ရောက် မြန်မာကျောင်းသားတချို့ ပညာတော်သင်ဆု ရရှိမည်
2022.04.05

အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ (US-ASEAN Business Council) နဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာန (CSIS) တို့ ပူးပေါင်းပြီး ပြုလုပ်နေတဲ့ အမေရိကန်-အင်ဒို-ပစိဖိတ် အစည်းအဝေးဆွေးနွေးပွဲကို ဝါရှင်တန်ဒီစီမြို့ CSIS ရုံးချုပ်မှာ ဧပြီလ ၅ ရက်နေ့နဲ့ ၆ ရက်နေ့ နှစ်ရက်ကြာ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲ အခမ်းအနားမှာ အမေရိကန်နိုင်ငံမှာ လက်ရှိတက္ကသိုလ် တက်ရောက်နေပြီး ဆက်လက်ပညာသင်ယူဖို့ အခက်အခဲ ရှိနေတဲ့ မြန်မာကျောင်းသားတွေအတွက် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီကနေ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သန်းနဲ့ လာမယ့်သုံးနှစ်အထိ စုစုပေါင်း ဒေါ်လာ ခြောက်သန်းအထိ မတည်ရင်းနှီးပြီး ပညာတော်သင်ဆု ပေးအပ်သွားမယ့် အစီအစဉ်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် အကူအညီလိုအပ်နေတဲ့ အခုလိုအချိန်မှာ မြန်မာနိုင်ငံကို အလေးထားဂရုစိုက်သူတွေအနေနဲ့ နိုင်ငံရဲ့အနာဂတ်ဖြစ်တဲ့ လူငယ်တွေကို ကူညီထောက်ပံ့ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့အလားအလာကောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးဖို့ လိုတယ်လို့ ဒီပညာတော်သင်ဆု ရန်ပုံငွေအဖွဲ့မှာ ပါဝင်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း မစ္စတာ Derek Mitchel က ဒီအခမ်းအနားမှာ ပြောသွားပါတယ်။
“အင်ဒို-ပစိဖိတ်ဒေသရဲ့ အနာဂတ်ကို အလေးထားတဲ့သူတိုင်းဟာ တောင်အာရှနဲ့ အရှေ့အာရှ ဆုံစည်းရာဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကိုလည်း အလေးထားရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်ကို အလေးထားတဲ့ သူတိုင်းဟာလည်း မြန်မာလူငယ်တွေအတွက် ရင်းနှီးမြှုပ်နှံကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီကနေ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေတဲ့ မြန်မာ ကျောင်းသားတွေအတွက် ပညာတော်သင်ဆု ပေးအပ်မယ့် ရန်ပုံငွေအဖွဲ့မှာ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပညာတော်သင်ဆု အစီအစဉ်ဟာ တစ်နှစ်ကို ရန်ပုံငွေ အမေရိကန်ဒေါ်လာ နှစ်သန်းလောက်အထိနဲ့ လာမယ့်သုံးနှစ်အထိ မြန်မာနိုင်ငံက နိုင်ငံရေး အခြေအနေတွေကြောင့် အမေရိကန်နိုင်ငံမှာ ဆက်လက် ပညာသင်ယူဖို့ အခက်အခဲဖြစ်နေတဲ့ မြန်မာကျောင်းသားတွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်”
အခုအချိန်မှာ အမေရိကန်- အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာပညာတော်သင်ဆု ရန်ပုံငွေအတွက် ချက်ဗရွန်ရေနံကုမ္ပဏီရဲ့ ကနဦး မတည်ရင်းနှီးငွေနဲ့ Metta၊ Asia Group၊ Bower Group Asia နဲ့ Mc Larthy Associate စတဲ့ ကုမ္ပဏီတွေရဲ့ထည့်ဝင်မှုနဲ့ အမေရိကန်ဒေါ်လာရှစ်သိန်း မတည်နိုင်ခဲ့ကြောင်း မစ္စတာ Derek Mitchel က ပြောပါတယ်။
အမေရိကန်နိုင်ငံက တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား စုစုပေါင်း ၁၆၇၈ ဦး ရှိနေတဲ့အထဲက လက်ရှိ ရိုးရိုးဘွဲ့နဲ့ မဟာဘွဲ့တန်းတွေ တက်ရောက်နေပြီး၊ ဆက်လက်ပညာသင်ယူဖို့ အခက်အခဲရှိနေတဲ့ မြန်မာကျောင်းသား ၃၄ဝ ကို နိုင်ငံတကာပညာရေးအင်စတီကျု (IIE) ကနေ စိစစ်ရွေးချယ်မှာ ဖြစ်ပြီး၊ ရွေးချယ်ခံရတဲ့ ကျောင်းသားတစ်ဦးကို တစ်နှစ်စာ အမေရိကန်ဒေါ်လာ ငါးထောင်နှုန်းနဲ့ လာမယ့်သုံးနှစ်အထိ ပေးအပ်သွားမယ်လို့ သိရပါတယ်။
ဒီပညာတော်သင်ဆုကို နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ရည်ရွယ်ချက်အတွက်သာ ပေးအပ်တာဖြစ်တဲ့အတွက် ထောက်ပံ့ငွေတွေကို အမေရိကန်နိုင်ငံအတွင်းမှာသာ အသုံးပြုသွားမှာ ဖြစ်တယ်လို့ ဒီပညာတော်သင်ဆု ရန်ပုံငွေရဲ့ ညွှန်ကြားရေးမှူး ကိုလှဘုန်းမြင့်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ ဖြစ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ ခေတ်နောက်ကျ ကျန်ရစ်မှုတွေရဲ့ သံသရာထဲက ဖောက်ထွက်နိုင်ဖို့အတွက်ဆိုရင် အတွေးအခေါ်သစ်၊ အမြင်သစ်တွေရှိတဲ့ မျိုးဆက်သစ်လူငယ်တွေကသာ လုပ်နိုင်လိမ့်မယ်လို့လည်း မစ္စတာ Derek Mitchel က ပြောသွား ပါတယ်။
မနေ့က ဆွေးနွေးပွဲအခမ်းအနားမှာ အမေရိကန် အစိုးရအဖွဲ့ထဲက အကြီးတန်းအရာရှိတွေ၊ ကျွမ်းကျင်ပညာရှင်တွေနဲ့ အရှေ့တောင်အာရှမှာ လုပ်ငန်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပြီး၊ မြန်မာနဲ့ အရှေ့တောင်အာရှ ဒေသတွင်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါကနေ နာလန်ထူမှု အခြေအနေတွေ၊ အင်ဒို-ပစိဖိတ် ဒေသတွင်းမှာ အသစ်ဖြစ်ထွန်းလာနေတဲ့ နိုင်ငံရေး စီးပွားရေး မိတ်ဖက်ပြု ပူးပေါင်းဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။