ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ် DKBA စစ်ဦးစီးချုပ်ဖြစ်လာ

2021.09.23
ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ် DKBA စစ်ဦးစီးချုပ်ဖြစ်လာ DKBA စစ်ဦးစီးချုပ် ဖြစ်လာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်ကို တွေ့ရစဥ်
Photo: DKBA

၂၀၂၁ ခုနှစ်၊ ဇူလိုင်လထဲမှာ ကိုဗစ် - ၁၉ ရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေးနေရာမှာ ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်ကို စစ်ဦးချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ စက်တင်ဘာ ၂၃ ရက် ဒီကနေ့မှာပဲ DKBA က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၂၂ ရက်နေ့က ဗဟိုအလုပ်အမှုဆောင် ၁၁ ဦး အစည်းအဝေးထိုင်ကာ ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်ကို ဗိုလ်ချုပ်ကြီးရာထူးတိုးမြှင့်ပြီး စစ်ဦးစီးချုပ်အဖြစ် တာဝန်ပေးလိုက်တာ ဖြစ်တယ်လို့ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောဟီဒို က RFA ကိုပြောပါတယ်။

ဒါပေမဲ့ ဒုတိယစစ်ဦးစီးချုပ်ဖြစ်လာမယ့်သူကိုတော့ တပ်မှူးတွေစုံညီအစည်းအဝေးကျင်းပပြီးမှ ဆုံးဖြတ် သွားမှာဖြစ်ပြီး လက်တလော ကိုဗစ် - ၁၉ ကပ်ရောဂါကြောင့် အစည်းအဝေးကျင်းပနိုင်ဦးမှာ မဟုတ်သေးဘူး လို့ ဗိုလ်မှူးကြီးစောဟီဒို က ဆိုပါတယ်။

အခုလို ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပေမယ့် ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ DKBA ရဲ့ မူဝါဒတွေကတော့ အပြောင်းအလဲဖြစ်လာဖို့မရှိဘူးလို့ ဗိုလ်မှူးကြီး စောဟီဒို က RFA ကို ပြောပါတယ်။

DKBA ဟာ ၂၀၁၅ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးခဲ့တဲ့ ကရင်လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်နဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိသလို အာဏာသိမ်းပြီးနောက် ပိုင်းမှာလည်း ဒေသဖွံ့ဖြိုးရေးကိစ္စတွေအတွက် တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

ဒါ့အပြင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားပေမယ့် စစ်တပ်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ရပ်ဆိုင်း ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။