ဆောမှာ စစ်ဘေးဒုက္ခသည် ကလေးတစ်ဦး ရေနစ်သေဆုံး၊ သုံးရာခန့် ရေဘေးကြုံနေရ
2024.09.26

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စက်တင်ဘာ ၂၅ ရက်က တောင်ကျချောင်းရေ ရုတ်တရက် တက်လာတာကြောင့် ကလေးတစ်ဦး ရေထဲမျောပါသေဆုံးပြီး စစ်ဘေးဒုက္ခသည်စခန်းက လူသုံးရာခန့် ရေဘေးကြုံနေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက RFA ကို ပြောပါတယ်။
သေဆုံးသူဟာ မင်းတပ်မြို့နယ်က နေရပ်စွန့်ခွာလာတဲ့ စစ်ဘေးဒုက္ခသည် အသက်သုံးနှစ်အရွယ် မောင်နိုင်နိန်း ဆိုသူဖြစ်ပြီး မိခင်ဖြစ်သူလည်း တောင်ကျချောင်းရေနဲ့ မျောပါပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၂၅ ရက် နေ့လယ် နှစ်နာရီခန့်မှာ ချင်းတောင်ဘက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေ ရုတ်တရက် တက်လာခဲ့ပြီး လယ်ကြီးအိုင့်ရွာအနီး တောင်ဇလပ် စစ်ဘေးဒုက္ခသည်စခန်းက လူသုံးရာခန့် ရေဘေးကြုံနေရတာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော်တို့ အသက် ၆၀ ကျော်မှာ တစ်ခါမှ မကြုံဖူးတဲ့ရေဘေးမျိုးပါ။ တော်တော်ဆိုးပါတယ်။ စစ်ရှောင်တွေလည်း ကျွန်တော်တို့ တော်တော်လေး ကယ်ထုတ်လိုက်ရတယ်။ အခြေအနေပိုဆိုးသွားတာက မင်းတပ်ကနေ စစ်လာရှောင်သူတွေနေတဲ့ တောင်ဇလပ်စခန်းက တော်တော်ကြီး အခြေအနေ ပိုဆိုးသွားတယ်ဗျ။ အဲဒီက သားအမိနှစ်ဦးက ကယ်ဆယ်ရေးလုပ်ရင်း ရေထဲမျောပါသွားတယ်ဗျာ”
ဆောမြို့နယ်မှာ မိုးသည်ထန်စွာ ရွာသွန်းတာ မရှိခဲ့ပေမဲ့ အထက်ဘက် ချောင်းဖျားဒေသတွေမှာ မိုးရွာခဲ့တာကြောင့် ရုတ်တရက် တောင်ကျရေတွေက ခြောက်ပေခန့်အထိ မြင့်တက်ခဲ့တာလို့ သူက ပြောပါတယ်။
ရေကြီးနစ်မြုပ်မှုကြောင့် လယ်ကြီးအိုင့်နဲ့ ကံချောင်းရွာကြား ကျောက်ထု-ဆောကတ္တရာ ကားလမ်းမကြီးပေါ်မှာရှိတဲ့ သံဘောင်တံတားချင်းကပ် ကတ္တာရာလမ်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့မှာတော့ ရေက ပြန်ကျသွားပေမဲ့ လယ်ကြီးအိုင့်ရွာ၊ တောင်ဇလပ် စစ်ဘေးဒုက္ခသည်စခန်းနဲ့ ရင့်ရဲ စစ်ဘေးဒုက္ခသည်စခန်းက ရေဘေးကြုံရသူတွေမှာ အရေးပေါ် စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်ကို RFA က ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံတစ်ဝန်း ရေကြီးနစ်မြုပ်မှုနဲ့ မြေပြိုမှုတွေကြောင့် စက်တင်ဘာ ၂၄ ရက်နေ့အထိ သေဆုံးသူ ၄၁၉ ဦးအထိ ရှိလာပြီလို့ စစ်ကောင်စီက ပြောထားပါတယ်။