ဆောက စစ်ဘေးဒုက္ခသည်စခန်း မီးရှို့ခံရပြီး ရဟန်းတစ်ပါးနဲ့ လူတစ်ဦး အဖမ်းခံရ
2023.03.31

မကွေးတိုင်း၊ ဆောမြို့နယ်မှာရှိတဲ့ စံစစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံတစ်ဦးနဲ့ ရဟန်း တစ်ပါး မတ် ၂၉ ရက်နေ့က ဖမ်းဆီးခံရပြီး နောက်တစ်နေ့ မတ်လ ၃၀ ရက်နေ့ ည ၇ နာရီမှာ အဲဒီဒုက္ခစခန်းပါ မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီစခန်းဟာ ဆောမြို့နယ် စံရွာနဲ့ တစ်မိုင်ခွဲခန့်အကွာ ချင်းပြည်နယ်အစပ်မှာရှိပြီး လူဦးရေ ငါးရာခန့် ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်စခန်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်က မတ်လ ၂၉ ရက်နေ့က စံစစ်ဘေးဒုက္ခသည်စခန်းရဲ့ ကယ်ဆယ်ရေး ခေါင်ဆောင် ဒေါ်အွမ်စိမ်းပိုင်နဲ့ ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ စံကျေးရွာဆရာတော် သာသနတက္ကသီလဓမ္မစရိယတို့ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး လက်ရှိအချိန်အထိ အဆက်အသွယ်မရသေးဘူးလို့ ပြောပါတယ်။
စခန်းမီးရှို့ခံရချိန်မှာ ဒုက္ခသည်တွေကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အဲစစ်ရှောင်မှာတော့ လူတွေကတော့ အားလုံးလွတ်သွားကြပါတယ်။ ဒါပေမဲ့ စခန်းကတော့ ပြာကျသွားပြီပေါ့။ မနေ့ကတော့ တိုက်ပွဲဖြစ်တဲ့နေရာကို လေယာဉ်နဲ့ လေးပတ်လောက်ကို လာပစ်တာ။ တော်တော်ကို ကြီးကြီးကျယ်ကျယ်ဖြစ်ပါတယ်"
အဲဒီဒုက္ခသည်စခန်းနဲ့ လေးဖာလုံခန့်သာဝေးတဲ့ နေရာမှာ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မတ်လ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တာလို့လည်း ဆိုပါတယ်။
တိုက်ပွဲဖြစ်တဲ့ စံရွာပတ်ဝန်းကျင်ကို ကျောက်ထုအမြောက်တပ်ကလည်း လက်နက်ကြီးနဲ့ အချက်ရေ ၁၅ ချက်ခန့် ပစ်ခတ်ခဲ့သလို မနေ့နေ့လယ် ၃ နာရီ ၃၈ မိနစ်မှာ စစ်ရဟတ်ယာဉ်နဲ့ မိနစ် ၃၀ ခန့် လာရောက်ပစ်ခတ်ခဲ့တာလို့လည်း ပြောပါတယ်။
အဲဒီစခန်းမှာ ချင်းပြည်နယ် မင်းတပ်မြို့နယ်ဘက်က ဒေသခံတွေအများဆုံး လာရောက် ခိုလှုံနေတာလို့ ပြောပါတယ်။
ဆောမြို့နယ်မှာ အညာကတည်း၊ စံ၊ ယောနဲ့ ကျောက်ထု စစ်ဘေးဒုက္ခသည်စခန်းတွေရှိပြီး အဲဒီအထဲက ယောစစ်ဘေးဒုက္ခသည်စခန်းကတော့ စစ်ကောင်စီတပ်က နေရာပြောင်းရွှေ့ ခိုင်းလို့ မရှိတော့ဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။
မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ တစ်ဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၁ ဒသမ ၇ သန်းကျော် ရှိလာပြီလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ မတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။