ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရ၊ နေအိမ် နှစ်ဆယ်ခန့် မီးလောင်

RFA Burmese
2024.05.12
ဆားလင်းကြီးမှာ လက်နက်ကြီးကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရ၊ နေအိမ် နှစ်ဆယ်ခန့် မီးလောင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၆ ရက်နေ့က တွေ့ရစဉ်။
အညာပစ်တိုင်းထောင်လေးများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ပလောင်ရွာကို စစ်ကောင်စီတပ် မေလ ၁၀ ရက်နေ့က လက်နက်ကြီးနဲ့ ပစ်ခဲ့တာကြောင့် ဒေသခံ တစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ် နှစ်ဆယ်နီးပါး မီးလောင်ပျက်စီးသွားတယ်လို့ အဲဒီရွာခံတွေက ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကနေ ချင်းတွင်းမြစ်ဘေးမှာရှိတဲ့ ပလောင်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဦးခေါင်းနဲ့ ဝမ်းဗိုက်မှာ လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရခဲ့ပြီး ဆေးကုသပေးနေတယ်လို့ ဆားလင်းကြီး ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ခြောက်လုံးပစ်တာမှာ တစ်လုံးက ပလောင်ကို ကျတာ။ တိုက်ပွဲလည်း ဖြစ်နေတာမဟုတ်ဘဲ ပြောရရင်တော့ လှမ်းပြီးတော့ ခြောက်တဲ့သဘောပေါ့။ နေ့နေ့ညည ပစ်ချင်ရင် ပစ်တော့တာပဲ။ ထိခိုက်ဒဏ်ရာရတဲ့ ကိုအောင်မိုးကိုတော့ ဆေးကုသပေးနေပါတယ်။ အသက်အန္တရာယ် ကင်းပါပြီ"

လက်နက်ကြီးကြောင့် ပလောင်ရွာနဲ့ ကူးတို့ကုန်းရွာက ဒေသခံ နှစ်ထောင်နီးပါးလည်း နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်တပ်အာဏာစသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ်၊ မတ်လကုန်အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၆၇၇ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၃၂၆၃ ဦးရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။