ကြက်ဆူပင် တိုးမြှင့်စိုက်ပျိုးရေးစီမံကိန်းကို စစ်ကိုင်းလွှတ်တော် ပယ်ချ


2017.03.30
sagaing-parliament-620.jpg စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်
Photo: Nay Thiha

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က တင်သွင်းတဲ့ ဒေသန္တရစီမံကိန်း ဥပဒေကြမ်းမှာ ပါတဲ့ ကြက်ဆူပင်တိုးမြှင့် စိုက်ပျိုးရေးစီမံကိန်း နဲ့ ပတ်သက်ပြီး ဒီကနေ့လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ရာမှာ လွှတ်တော်ကိုယ်စားလှယ်အားလုံးက တစ်ညီတစ်ညွတ်တည်း ကန့်ကွက်ခဲ့တဲ့အတွက် လွှတ်တော်က ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီ ဥပဒေကြမ်းကို တင်သွင်းခဲ့တဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး အပါအဝင် တပ်မတော်သား နဲ့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးက ကန့်ကွက်ခဲ့ကြတာဖြစ်တယ်လို့ ကသာမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်သိန်း က ပြောပါတယ်။

"ကျနော်တို့ လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်တာလည်းပဲ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တွေရောအားလုံး ကြက်ဆူကို လုံးဝအကုန်လုံး လွှတ်တော်ကတော့ တစ်ခဲနက် ကန့်ကွက်ပါတယ်ဗျ၊ လွှတ်တော်ကနေပြီးတော့မှ ဒီကိစ္စကို ပယ်ဖျက်ဖို့ ဆုံးဖြတ်ပါတယ်ဗျ"

အဲဒီဥပဒေကြမ်းကို စီမံကိန်းရေးဆွဲရေးဦးစီးဌာနက ရေးဆွဲတာဖြစ်ပြီး လာမယ့်ဘဏ္ဍာနှစ်အတွင်း ကြက်ဆူပင် အမျိုးအစား ၃ မျိုးကို ဧက ၇ သောင်းကျော် စိုက်ပျိုးဖို့ဆိုပြီး ပါရှိတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဆားငန်ရေကာကွယ်ရေးစီမံကိန်းဆိုပြီးပါလာတာကိုလည်း စစ်ကိုင်းတိုင်းအတွင်းမှာ ဆားငန်ရေမရှိ တာကြောင့် ကန့်ကွက်ခဲ့ကြသေးတယ်လို့လည်း ပြောပါတယ်။

ပယ်ဖျက်လိုက်တဲ့ စီမံကိန်းတွေကို တိုင်းဒေသကြီးအစိုးရကနေ ပြည်ထောင်စုထံပြန်လည်တင်ပြပြီး ဘတ်ဂျက်တွေ ကို ရပ်ဆိုင်းဖို့ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်တယ်လို့လည်း ဦးဗိုလ်သိန်း က ပြောပါတယ်။ လာမယ့်ဘဏ္ဍာနှစ်မှာ ဌာနအလိုက်သုံးမယ့် ဘတ်ဂျက်တော်တော်များများကို ဖျက်သိမ်းပြီး ကျေးလက်ဒေသက လမ်းတံတားတွေ ဖွံ့ဖြိုးရေး အတွက်သုံးဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း သိရပါတယ်။

အဲလို စီမံကိန်းတွေကို ပယ်ဖျက်လိုက်တဲ့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ အသုံးစရိတ်ထဲက ငွေကျပ် ၁၀ ဘီလီယံကျော် ပိုထွက်လာပြီး အဲဒီငွေတွေကို ပြည်သူတွေအတွက် အကျိုးပြုတဲ့လုပ်ငန်းတွေမှာ ပြန်လည် အသုံးပြုမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။