တောင်ဒဂုံ ကြက်ဆူစိုက်ခင်းပေါ်က အိမ်ခြေ ၂၀၀ ကျော် အင်အားသုံး ဖယ်ရှား


2018.09.29
southdagon-62quarter-622 တောင်ဒဂုံမြို့နယ် ၆၂ ရပ်ကွက် ကြက်ဆူစိုက်ခင်းမြေနေရာမှာ ဖြတ်သန်းသွားလာခြင်းမပြုဖို့ ကြိုးတွေတားထားတာကို တွေ့ရစဉ်
Photo: Aung Thain Kha/ RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Myanmar Petrol စက်ဆီကုမ္ပဏီတို့ အကျိုးတူစီမံကိန်း ပူးပေါင်းလုပ်ဆောင် မယ့် တောင်ဒဂုံမြို့နယ် ၆၂ ရပ်ကွက် ကြက်ဆူစိုက်ခင်းမြေနေရာက စက်ရုံ၊ အလုပ်ရုံတွေနဲ့ လူနေအိမ် ၂၀၀ ကျော်ကို အရှေ့ပိုင်းခရိုင်အုပ်ချုပ်ရေးက ဦးဆောင်ပြီး ဒီနေ့ မနက်အစောပိုင်းက အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ ပြည်သူတွေ မနစ်နာစေဖို့ စုံစမ်းသိရှိရတဲ့ အချက်အလက်တွေအရ အဲဒီမြေနေရာဟာ အစိုးရပိုင်မြေနေရာ ဖြစ်တယ်လို့ တောင်ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောပါတယ်။

"ကျနော့်ဘက်က ကျနော် တာဝန်ခံပေးရဲတာတော့ ကျနော်လည်း ဒါကို ပြည်သူမနစ်နာအောင်လို့ ကျနော် စုံစမ်းထားတာ ရှိပါတယ်။ ဒါသည် ကျနော်တို့ အစိုးရပိုင်မြေပါ။ အစိုးရကနေပြီး စီမံခန့်ခွဲမှု ရှိတဲ့မြေပါ။ ဒီအပေါ်မှာ ကို ကျနော်တို့ တစ်ဦးတစ်ယောက်အတွက်ကို ကျနော်တို့ မြေချပါမစ်တို့ မြေချဂရမ်တို့ လုံးဝထုတ်ပေးထားခြင်း မရှိပါဘူး။ ဒီအတွက်ကို အစိုးရကလည်းပဲ ဒီအချိန်လေးတစ်ခုယူပြီးတော့ ကျနော်တို့ Notice တွေ ပေးတယ်လို့ ကျနော်တို့ သိရပါတယ်ခင်ဗျ။ ကျနော်တို့ ပြည်သူ့အစိုးရလက်ထက်မှာတော့ ပိုင်ဆိုင်မှုတွေပေါ်မှာ မူတည်ပြီးတော့ မြေသိမ်းတဲ့ ယာသိမ်းတဲ့ ကိစ္စမရှိပါဘူး။ လျော်ပေးတဲ့ ကိစ္စမျိုးပဲ နစ်နာကြေးပေးတဲ့ကိစ္စမျိုးတွေပဲ ရှိပါတယ်ခင်ဗျ"

တောင်ဒဂုံမြို့နယ် ၆၂ ရပ်ကွက် ကြက်ဆူစိုက်ခင်း မြေနေရာဟာ အရင်စစ်အစိုးရလက်ထက် ၂၀၀၅ - ၂၀၀၆ ခုနှစ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (အငြိမ်းစား)ရဲ့ လမ်းညွှန်ချက်နဲ့ ကြက်ဆူစီမံကိန်းအတွက် မြေနေရာတွေကို ဇုန်ကော်မတီကို ချပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကော်မတီက လုပ်ငန်းရှင် ၁၇ ဦးကို ကိုယ့်စရိတ်နဲ့ကိုယ် ကြက်ဆူပင်စိုက်ဖို့ ချပေးခဲ့ပေမယ့် အကောင်အထည် မဖော်ခဲ့တဲ့အတွက် အရှုံးပေါ်ပြီး မြေနေရာတွေကို ပြန်လည် ရောင်းချခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနေရာမှာ နေထိုင်နေကြတဲ့ အမှန်တကယ် နစ်နာသူ ပြည်သူတွေအတွက် တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ထံ စီမံကိန်းနဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာ ၁ ရက်နေ့မှာ ဆွေးနွေးသွားမယ်လို့ ဦးညီညီက ပြောပါတယ်။

ကြက်ဆူစိုက်ခင်းမြေနေရာမှာ သံတိုသံစ ရောင်းဝယ်ရေးဆိုင်တွေလည်း ရှိပါတယ်။ အဲဒီမြေနေရာမှာ အသေးစား အလတ်စားလုပ်ငန်းရှင်တွေနဲ့ အလုပ်သမား ၁ ထောင်ကျော် အလုပ်လုပ်ကိုင်နေတဲ့ ဆိုင်တွေလည်း ရှိနေပြီး ဒီနေ့မနက်မှာ ဝင်ရောက်ခွင့်မရတဲ့အတွက် အဆင်မပြေ ဖြစ်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီနေရာက ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၆ ရက်နေ့က သတိပေးစာ တစ်ကြိမ်ပေးခဲ့ကြောင်း၊ ကျူးကျော် နေထိုင်သူတွေကို တစ်ဦးကို လျော်ကြေး ငွေကျပ် ၁၀ သိန်းပေးပြီး လုပ်ငန်းရှင်တွေအတွက် ဆိုင်ဖျက်ခ ငွေကျပ် ၃ သိန်း ကနေ ၅ သိန်း ပေးတာတွေ ရှိပေမယ့် ယူတဲ့သူတွေ ရှိသလို မယူတဲ့သူတွေလည်း ရှိတယ်လို့ ပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ Yangon Petrol ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းစီမံကိန်း လုပ်ဆောင်ဖို့အတွက် အဲဒီနေရာကို ဝင်ရောက်ရှင်းလင်းတာဖြစ်ပြီး လက်ရှိ အဲဒီမြေနေရာဟာ operation ဧရိယာ အဖြစ် ခရိုင် အုပ်ချုပ်ရေးမှူးက သတ်မှတ်လိုက်ပြီဖြစ်တာကြောင့် သတင်းမီဒီယာတွေအနေနဲ့ ဝင်ရောက် သတင်းယူခွင့်မရရှိခဲ့ပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။