စစ်ကိုင်းက အရပ်သား သုံးဦး PDF စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရ

RFA Burmese
2024.09.30
စစ်ကိုင်းက အရပ်သား သုံးဦး PDF စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မှ ဒေသခံများအား ၂၀၂၃ ခုနှစ် မေလ ၁၉ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ အရပ်သား သုံးဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်သားတွေက စက်တင်ဘာလ ၂၈ ရက်မှာ သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာကနေ ရန်ကုန်မြို့ကို အလုပ်လုပ်ဖို့လာတဲ့ အသက် ၃၁ နှစ်အရွယ် ကိုပါကျဲ ခေါ် သန့်ဇော်လင်းနဲ့ အသက် ၂၄ နှစ်အရွယ် ကိုပေါင်ချိန်တို့ စစ်ကိုင်းမြို့ စစ်ဆေးရေး ဂိတ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

အဲဒီနေ့မှာပဲ စစ်ကိုင်းမြို့မဈေးနဲ့ တောင်ကြားရွာကို ကားမောင်းနေတဲ့ တောင်ကြားရွာက အသက် ၄၀ အရွယ် ဦးအောင်ကိုမြင့် လည်း ဖမ်းဆီးခံရပြီး နှစ်ရက်အကြာ စက်တင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကောင်စီတပ်သား တွေက သူတို့သုံးဦးကို သတ်ဖြတ်ခဲ့တာပါ။

စစ်ကောင်စီတပ် ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ သူတို့ဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဖြစ်ပြီး ကြွယ်ပုံရွာ တိုက်ခိုက်ခံရမှုမှာ ပါဝင်ခဲ့သူတွေလို့ စွပ်စွဲရေးသားထားပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ စစ်ကိုင်းဒေသခံတစ်ဦးကတော့ သတ်ဖြတ်ခံရသူတွေဟာ အရပ်သားတွေဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

“လင်းတလူးရွာသားတွေ သူတို့ ရန်ကုန်ကို အလုပ်သွားလုပ်ဖို့ တက်သွားတာ။ အဲဒါ နှာပေါက်မှာ အဖမ်းခံလိုက်ရတာ။ သူတို့ နှစ်ယောက်ကို အပေါ်ကတော့ အင်္ကျီမပြောင်းဘဲ အောက်က ဘောင်းဘီယူနီဖောင်းကို ဝတ်ပေးပြီးတော့ လက်နက်တွေချပြီး သတ်လိုက်တာ။ ကားသမားလည်းဒီလိုပဲ ဈေးကားမောင်းနေတာ စစ်ကိုင်းကားကွင်းမှာ အဖမ်းခံရပြီး အသတ်ခံရတာ”

အလားတူ စစ်ကိုင်းမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း သူတို့ဟာ PDF တွေမဟုတ်ဘဲ အရပ်သားတွေသာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က စတင်ဘာလ ၃၀ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းပိတ်ထားပါတယ်။

စက်တင်ဘာလ ၁၇ ရက်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အခြေထိုင်တဲ့ ကြွယ်ပုံရွာအနီး တိုက်ခိုက်ခံရမှုမှာ အဲဒီရွာက အမျိုးသမီး ၁၂ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား ခြောက်ထောင်ခန့် (၅၇၁၂ ဦး) သတ်ဖြတ်ခံရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။