ကသာမြို့နယ်မှာ CDM သူနာပြုတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်
2023.02.27
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးဒါးကြီးကျေးရွာက သူနာပြုဆရာမ ဒေါ်သဲသဲဝင်းကို စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ်က စစ်ကြောင်းထိုးချိန် သူ့ရဲ့ဓာတ်ဆီဆိုင်မှာ ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၄၀ အရွယ် ဒေါ်သဲသဲဝင်းဟာ ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီးမှာ အထက်တန်းသူနာပြု တာဝန်ထမ်းဆောင်နေရာကနေ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး ကသာမြို့နယ် မိုးဒါးကြီးကျေးရွာအပြင်ဘက်မှာ ဓာတ်ဆီရောင်းချနေသူဖြစ်တယ်လို့ ပြောပါတယ်။
ဆရာမဒေါ်သဲသဲဝင်းဟာ CDM နဲ့ PDF တွေကို ဆေးဝါးကုသပေးပြီး ထောက်ပံ့ပို့ဆောင်ရေးလုပ်နေတယ်ဆိုပြီး စစ်ကောင်စီသတင်းပေးတွေက တိုင်တန်းတဲ့အတွက် ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
ဒေါ်သဲသဲဝင်းရဲ့အလောင်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က မိုးဒါးကြီးရွာအနီး ကျွန်းပင်ရွာအပြင်ဘက်မှာ ရွာသားတွေက တွေ့ရှိခဲ့တာဖြစ်ပြီး လက်ပြန်ကြိုး တုပ်လျက်၊ နဖူးမှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာ ဒေါ်သဲသဲဝင်းရဲ့ရုပ်အလောင်းကို သင်္ဂြုဟ်လိုက်ကြတယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိသလို RFA အနေနဲ့ ဖြစ်စဉ်အသေးစိတ်ကို သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ CDM ဝန်ထမ်းတွေ စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသတ်ဖြတ်တာ ငါးဦးထက်မနည်း ရှိနေပြီလို့ ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။