ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ သတိထားဖို့ ရွှေဝါရောင်သံဃာတွေ သတိပေး
2019.09.18

ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးမှာ အဟန့်အတားဖြစ်အောင် ဘာသာရေး၊ လူမျိုးရေးကဲ့သို့ ပဋိပက္ခမျိုးစုံကို ဖန်တီးဖော်ဆောင်လာနိုင်တာကြောင့် ရဟန်းရှင်လူ ပြည်သူတွေအနေနဲ့ သတိရှိရှိ ကာကွယ်တားဆီးဖို့ လိုအပ်ကြောင်း ရွှေဝါရောင်သံဃာတော်တွေက သတိပေးလိုက်ပါတယ်။
ရန်ကုန်မြို့ ကမ်းနားလမ်းက သာဓုကျောင်းတိုက်မှာ ဒီနေ့မနက်ကကျင်းပတဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၂ နှစ်ပြည့် အခမ်းအနားမှာ ရွှေဝါရောင်သံဃာတော်တွေက သဘောထားကြေညာချက်ထုတ်ပြန်ရာမှာ ထည့်သွင်းသတိပေး ခဲ့တာဖြစ်ပါတယ်။
ဖက်ဒရယ်ပြည်ထောင်စု စနစ်ပေါ်ထွန်းရေးအတွက် NLD အစိုးရက ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးကို လွှတ်တော်တွင်းမှာ ကြိုးပမ်းဆောင်ရွက်နေတာကို မျှော်လင့်ချက်ကြီးစွာနဲ့ ဝန်းရံစောင့်ကြည့်နေကြောင်း လည်း ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ်။
တပ်မတော်က လွှတ်တော်တွင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာကြောင့် ဖွဲ့စည်းပုံပြင် ဆင်ရေးကြိုးပမ်းမှု မအောင်မြင်ခဲ့ဘူးဆိုရင် ပြည်သူလူထုတိုက်ပွဲနဲ့ အခြေခံဥပဒေသစ်တစ်ရပ်ပေါ်ထွန်းလာအောင် တိုက်ပွဲဝင်သွားမယ်လို့ ရွှေဝါရောင်သံဃာတော်တွေက ဆိုပါတယ်။
ရွှေဝါရောင်သံဃာတော်တွေရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေး ဆိုခွင့်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ကြိုးစားနေဆဲဖြစ်ပါတယ်။
အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့မှာ ပါဝင်ခဲ့တဲ့ သံဃာတွေနဲ့ မတူခြားနားတဲ့ အချက်ကတော့ ရွှေဝါရောင်လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာ အများအပြားဟာ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကပင် ထောက်ခံ အားပေးလာသူများဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုသန့်ဇင်ဦး ပေးပို့သည်)