ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်နေ့ မန္တလေးမှာကျင်းပ
2019.09.25

မန္တလေးမြို့ အခြေစိုက် ရွှေဝါရောင် သံဃာတော်တွေက ဦးဆောင်ပြီး ၁၂ နှစ်မြောက် ရွှေဝါရောင် သံဃာလှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့၊ အမရပူရမြို့နယ်က ဗားဂရာကျောင်းတိုက်မှာ ဒီနေ့ ကျင်းပခဲ့တာပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ကြိုးပမ်းမှု သမိုင်းစာမျက်နှာထဲမှာ ရွှေဝါရောင် တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ ခုနှစ် ရွှေဝါရောင် သံဃာလှုပ်ရှားမှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
အဲဒီသမိုင်းကျောင်းတစ်ခုကို မမေ့ပျောက်စေချင်တာကြောင့် အခုလို နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပရတာလို့ ရွှေဝါရောင် ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးစိန္တိတက မိန့်ပါတယ်။
"၁၂ နှစ်ပြည့်ခဲ့တော့ ဒီသမိုင်းကြောင်းကြီးက တကယ်လည်းရှိခဲ့တာမို့ မမေ့မပျောက်ဖို့လိုတယ်။ ပြည်သူအများနဲ့ သက်ဆိုင်တဲ့ပွဲလည်းဖြစ်တယ်။ ရွှေဝါရောင်သမိုင်းကြောင်းကို ထိန်းသိမ်းနေတယ်ဆိုတာကိုလည်း ဖော်ပြတာ"
မြဝတီမင်းကြီး ကျောင်းတိုက် ဆရာတော် အရှင်ဦးအရိယဝံသာ ဘိဝံသကလည်း သံဃာတော်တွေအနေနဲ့ စိတ်ဓာတ်ခွန်အားပြည့်မယ့် စကားတွေကို တရားပွဲတွေမှာ ဟောပြောကြဖို့ကိုလည်း အဲဒီအခမ်းအနားမှာ တိုက်တွန်းခဲ့ပါတယ်။
"အာဏာရှင်ရဲ့လက်ထက်မှာ ကနေ့ဖြစ်ပျက်တွေကို ထိထိမိမိဟောပြောတဲ့သူတွေက တရားပွဲပိတ်ခံရတယ်။ တစ်ခါတစ်ရံကျရင် စစ်ကြောရေးတို့ ထောင်ထဲတို့ ပို့ခံရတယ်။ အများကြီးဖြစ်ခဲ့ရတယ်။ ကနေ့တော့ လွတ်လွတ်လပ်လပ် ဟောနိုင်ခွင့်တွေရနေပြီ၊ ကနေ့ လူတွေကြားမှာ ဖြစ်ပေါ်နေတဲ့ စိတ်နေစိတ်ထား မကောင်းတာတွေကို ထိထိမိမိ ဒေသနာတွေနဲ့ ဟောကြားပြီးတော့ စိတ်ဓာတ်တွေ ကောင်းမွန်အောင်၊ ပြန်တည့်မတ်အောင် တိုင်းပြည်ပြုပြင်ရေးကို ရှေ့ဆုံးက ဦးဆောင်ကြပါ"
မြဝတီမင်းကြီး ဆရာတော်နဲ့ ဆရာတော် ဦးစိန္တိတတို့ဟာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ဆရာတော်တွေဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း တပ်မတော်ရဲ့ ဆောင်ရွက်ချက်တွေကို ဝေဖန် ထောက်ပြ ရေးသားနေဆဲဖြစ်ပါတယ်။ ဝေဖန်ရေးသားမှု တချို့ကြောင့် မြဝတီမင်းကြီး ဆရာတော်ကို တပ်မတော်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲဆိုထားပါတယ်။
ဆရာတော် ဦးစိန္တိတကိုလည်း ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်ကို ဝေဖန်တာကြောင့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တပ်မတော်က တရားစွဲထားပါတယ်။
ဒီနေ့ကျင်းပတဲ့ ရွှေဝါရောင်သံဃာလှုပ်ရှားမှု နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇောြ်မင့်မောင်လည်း တက်ရောက်ခဲ့ပြီး အစိုးရအဖွ့ဲနဲ့ ပါတီကို သံဃာတော်တွေထံကို အပ်ကြောင်း လျှောက်ထားခဲ့ပါတယ်။
"နိုင်ငံတော်က ငြိမ်းချမ်းရေး မရှိမဖြစ်လိုအပ်နေတဲ့ အနေအထားဖြစ်ပါတယ်။ သံဃာတော်တွေက လောကုတ္တရာ တစ်ခုထဲကိုပဲ ဆောက်ရွက်ရမယ်၊ လောကီတစ်ခုထဲကိုပဲ ဆောင်ရွက်ရမယ်ဆိုတာ မဟုတ်ပါဘူး၊ တရားဟောထဲမှာလည်း ပါပါတယ်။ နှစ်ဖြာသောအရေးကို တည်တည်ငြိမ်ငြိမ် တည့်တည့်မတ်မတ်နဲ့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့ သံဃာတော်သူမြတ်တို့ကို အပ်ပါတယ်။ ဆုံးမစရာရှိတာ ဆုံးမပါ။ ကူညီစရာရှိရင်လည်း ဥပဒေလုပ်ထုံးလုပ်နည်းနဲ့အညီ ကူညီချင်ပါတယ်"
၁၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို ရွှေဝါရောင်လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့ သံဃာတော်တွေ၊ နိုင်ငံရေးပါတီအချို့၊ အလုပ်သမားအဖွဲ့နဲ့ မန္တလေးဒေသခံတချို့ တက်ရောက်ခဲ့ကြပါတယ်။
ရွှေဝါရောင် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အနေနဲ့ ဒီနေ့ မနက်ပိုင်းမှာ ဘုံဆွမ်းလောင်းပွဲပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းမှာတော့ ဦးကိုလေး (အင်းဝဂုဏ်ရည်)၊ တရားလွတ်တော်ရှေ့နေ ဦးသိန်းသန်းဦး၊ မောင်မှိုင်းလွင် (အင်းဝ) တို့ကလည်း အမှတ်တရ ဟောပြောခဲ့ကြပါတယ်။
ရွှေဝါရောင် ၁၂ နှစ်ပြည့်အခမ်းအနားကို ရန်ကုန်မြို့မှာလည်း ပြီးခဲ့တဲ့ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။
မြို့ကြီး အတော်များများမှာ ၂၀၀၇ ခုနှစ်က ရဟန်းသံဃာတွေ ဦးဆောင်တဲ့ ဒီမိုကရေစီအရေး လှုပ်ရှားမှု ပေါ်ပေါက်ရာမှာ အဲဒီအချိန်က တပ်မတော်အစိုးရရဲ့ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ပခုက္ကူမြို့မှာဆိုရင် သံဃာ နှစ်ပါး ဓာတ်တိုင်မှာ ကြိုးတုပ်ပြီး ရိုက်နှက်တာ ခံခဲ့ရပါတယ်။ မြို့ကြီးတချို့မှာလည်း လမ်းပေါ်မှာ အကြမ်းမဖက် ဆန္ဒပြနေသူကို လူစုခွဲ နှိမ်နင်းရာမှာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြ၊ ထိန်းသိမ်းခံခဲ့ရပါတယ်။
ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က အာဏာပိုင်တွေဟာ သံဃာ့လှုပ်ရှားမှုကြီးကို အေးအေးချမ်းချမ်း ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမယ့် မလွှဲမရှောင်သာတဲ့အတွက် အနည်းဆုံးအင်အားသုံးပြီး ဖြေရှင်းခဲ့တာလို့ RFA ကို ပြောပါတယ်။
လှုပ်ရှားမှု အကြီးမားဆုံးကို ရန်ကုန်မြို့မှာ တွေ့ခဲ့ရပါတယ်။ သံဃာအများအပြား ဦးဆောင် ပါဝင်တဲ့ ဒီဖြစ်ရပ်ကို ရွှေဝါရောင်လှုပ်ရှားမှုအဖြစ် ထင်ရှားခဲ့ပါတယ်။
ထိန်းသိမ်းခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ သံဃာတွေ၊ ဝန်းရံသူတွေက စက်တင်ဘာလရောက်တိုင်း ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည်နေ့ကို အမှတ်တရ အစီအစဉ်တစ်ခုအဖြစ် ပြုလုပ်ကျင်းပလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က ရန်ကုန်မှာလုပ်တဲ့ နှစ်ပတ်လည်နေ့မှာလည်း ရွှေဝါရောင်သံဃာတွေက တပ်မတော်အစိုးရ လက်ထက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
(RFA သတင်းထောက် မခေမဏီဝင်း ပေးပို့သည်)