သတင်းသမားတွေကို ထောင်ချနေတဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူဖို့ RSF တောင်းဆို

RFA Burmese
2022.12.21
သတင်းသမားတွေကို ထောင်ချနေတဲ့ စစ်ကောင်စီကို ပြင်းပြင်းထန်ထန်အရေးယူဖို့ RSF တောင်းဆို ရန်ကုန်မြို့ မြေနီကုန်းတွင် ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲသတင်းယူနေသည့် သတင်းထောက်များအား တွေ့ရစဉ်။
RFA

အာဏာသိမ်းစစ်ကောင်စီဟာ မြန်မာသတင်းသမားတွေကို ထောင်ဒဏ်ချမှတ်တာတွေ ဆက်လုပ်နေတဲ့အတွက် နိုင်ငံတကာအနေနဲ့ စစ်ခေါင်းဆောင်တွေရဲ့အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်အရေးယူဖို့ နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF က ဒီဇင်ဘာလ ၂၁ ရက်နေ့က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်က ရန်ကုန်အခြေစိုက်အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်းကို အင်းစိန်ထောင်တွင်း တရားရုံးကနေ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်လေးနှစ် ချမှတ်လိုက်ပါတယ်။

သတင်းထောက် ကိုစိုးရာဇာထွန်းဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ရက်နေ့မှာ အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ သတင်းယူရင်း ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (က) နဲ့ စွဲဆိုခံရတဲ့နောက် ဇူလိုင်လ ၃၀ရက်နေ့မှာ လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် မတ်လ ၁၀ရက်နေ့မှာ စစ်ကောင်စီတပ်တွေက သုံးဆယ်မြို့က ဘုန်းကြီးကျောင်းတစ်ကျောင်းကို ဝင်ရောက်စီးနင်းရာမှာ သူ ထပ်မံဖမ်းဆီးခံခဲ့ရပြီး ထောက်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ကိုစိုးရာဇာထွန်းကို ထပ်တလဲလဲ ဖမ်းဆီးအရေးယူနေတာဟာ စစ်ခေါင်းဆောင်တွေရဲ့သတင်းသမားတွေကို ပစ်မှတ်ထားဖိနှိပ်မှုကို ပြသနေတယ်လို့ RSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်ခေါင်းဆောင်တွေဟာ အကြောက်တရားကို အသုံးချတဲ့ မူဝါဒကို ကျင့်သုံးနေတဲ့နေရာမှာ သတင်းသမားတွေဟာ အဓိကသားကောင်တွေ ဖြစ်နေရတယ်လို့လည်း ဆိုပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းမှု နှစ်နှစ်ပြည့်ဖို့ နှစ်လလောက်ပဲ လိုတော့တဲ့ အချိန်မှာ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ နေပြည်တော်က အာဏာရှင်တွေကို ပိုပြီးပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့ လိုနေပါပြီလို့ RSF ရဲ့အာရှပစိတ်ဖိတ်ဌာန အကြီးအကဲ Daniel Bastard က ပြောပါတယ်။

အင်းစိန်ထောင်တွင်း တရားရုံးကနေပဲ သင်္ဃန်းကျွန်းပို့စ် သတင်းဝက်ဘ်ဆိုဒ်ရဲ့သတင်းအယ်ဒီတာတွေ ဖြစ်တဲ့ မထက်ထက်အောင်နဲ့ ကိုဝေလင်းယုတို့ကိုလည်း ၂၀၂၁ခု နှစ် နိုဝင်ဘာလမှာ ဖောက်ခွဲရေးပစ္စည်းတွေနဲ့အတူ ဖမ်းမိတယ်လို့ စွပ်စွဲပြီး ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်တဲ့အကြောင်း၊ အဲဒီမတိုင်ခင်ကလည်း သတင်းသမား ဦးစည်သူအောင်မြင့်နဲ့ ကိုမျိုးစံစိုးတို့ကို ထောင်ဒဏ် ၁၂ နှစ်နဲ့ ၁၅ နှစ်စီ ချမှတ်လိုက်တာ တွေ့ရတဲ့အကြောင်းလည်း RSF ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အနည်းဆုံး သတင်းထောက် ၆၂ ဦး ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံပြီးရင် သတင်းသမားအများဆုံး ဖမ်းဆီးခံရတဲ့ နိုင်ငံဖြစ်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။