ဒုက္ခသည်အရေးဆိုင်ရာအဖွဲ့အစည်း လိုအပ်နေပြီလို့ အာဆီယံကို တိုက်တွန်း
2022.12.28

ဒုက္ခသည်အရေးဆောင်ရွက်မယ့် အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဖို့လိုအပ်နေပြီလို့ လူသားချင်းစာနာမှုကူညီရေးဆိုင်ရာအဖွဲ့တွေက အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံကို တိုက်တွန်းလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဒုက္ခသည်ပြဿနာ မပြီးဆုံးသေးသလို အာဆီယံမှာလည်း ဒုက္ခသည်ပြဿနာကို မဖြေရှင်းနိုင်သေးပါဘူး။
အာဆီယံအတွင်းက ဒုက္ခသည်တွေရဲ့ပြဿနာဟာ ရိုဟင်ဂျာတွေသာမက အခုအခါ မြန်မာပြည်မှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မြန်မာနိုင်ငံသားတွေပါ လုံခြုံမှုမရှိတော့ဘဲ အိမ်နီးချင်းနိုင်ငံတွေကပါ နယ်စပ်တွေကို ပိတ်ဆို့ထားကြပြီ ဖြစ်ကြောင်း၊ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ အစိုးရချင်းပူးပေါင်းဆောင်ရွက်မှုကော်မရှင်ရဲ့အင်ဒိုနီးရှားကိုယ်စားလှယ်က ပြောပါတယ်။
အာဆီယံမှာ ဒုက္ခသည်ဆိုင်ရာအဖွဲ့အစည်း အခုထိ မရှိသေးတဲ့အတွက် အာဆီယံသဘာဝဘေးအန္တရာယ် လျော့ပါးသက်သာရေးအဖွဲ့ AHA စင်တာက ဆောင်ရွက်နေပါတယ်။ AHA ဟာ ဒုက္ခသည်တွေနဲ့ပတ်သက်ရင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေသာ ပေးနိုင်တာဖြစ်ပါတယ်။
အာဆီယံအဖွဲ့ဝင်ဆယ်နိုင်ငံမှာ ဒုက္ခသည်တွေအရေး အဓိကအကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ့် အဖွဲ့အစည်းသာရှိရင် UNHCR နဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ပြောကြပါတယ်။