စစ်ကောင်စီ အဓမ္မစစ်မှုထမ်းခိုင်းရင် သတင်းပေးပို့ဖို့ NUG ပြော

RFA Burmese
2024.02.21
စစ်ကောင်စီ အဓမ္မစစ်မှုထမ်းခိုင်းရင် သတင်းပေးပို့ဖို့ NUG ပြော ရခိုင်ပြည်နယ် စစ်တွေမြို့အနီးတွင်ရှိသည့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် နေထိုင်သူများကို ၂၀၂၃ ခုနှစ် မတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
RFA

ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို စစ်ကောင်စီက အတင်းအဓမ္မ စစ်မှုထမ်းခိုင်းရင် တော်လှန်ရေး အင်အားစုတွေဆီ သတင်းပေးပို့ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံး ပြောခွင့်ရသူ ဦးကျော်ဇော် က RFA ကို ပြောလိုက်ပါတယ်။

“သူတို့ပဲ ရိုဟင်ဂျာတွေက နိုင်ငံသားမဟုတ်ဘူးလို့ပဲ ပြောလိုပြော။ အခုတော့ စစ်တပ်ထဲဝင်ဖို့ကြ အတင်းအဓမ္မ ခြိမ်းခြောက်လှည့်ဖြားနေတယ်။ လူမျိုးရေးပဋိပက္ခဖြစ်အောင် ဖန်တီးနေကြတာဖြစ်တယ်။”

ဒါ့အပြင် NUG ဘက်က မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံရတာကနေ ကာကွယ်သွားမယ်လို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

ရက္ခိုင့်တပ်တော် (AA) က မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲနေချိန်မှာ ရိုဟင်ဂျာတွေကို လူသားဒိုင်းအနေနဲ့ အသုံးချဖို့ စီစဉ်နေတာလို့ သူက ယူဆပါတယ်။

ဘူးသီးတောင်မြို့နယ်က ရိုဟင်ဂျာတချို့ကတော့ စစ်ကောင်စီက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်းနေတာကို မလိုလားကြောင်းနဲ့ ထွက်ပြေးဖို့မြေမရှိတာကြောင့် နိုင်ငံတကာ အကူအညီရဖို့ မျှော်လင့်နေတယ်လို့ RFA ကို ပြောပါတယ်။

စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက် ငါးရက်အကြာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကစပြီး ရခိုင်ပြည်နယ်က စစ်တွေ၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်က ရိုဟင်ဂျာတွေကို စစ်မှုထမ်းဖို့ စစ်ကောင်စီက နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးနေတယ်လို့ ရိုဟင်ဂျာတွေက ပြောကြပါတယ်။

ရိုဟင်ဂျာလူဦးရေဟာ ဘူးသီးတောင်မြို့နယ်မှာ နှစ်သိန်းနီးပါး၊ မောင်တောမှာ ရှစ်သောင်းနီးပါးနဲ့ စစ်တွေမှာ တစ်သိန်းခွဲလောက်ရှိတယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရိုဟင်ဂျာတွေကို အတင်းအကျပ် စစ်သင်တန်းပေးဖို့ စာရင်းကောက်ဖမ်းဆီးနေတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် သတင်းထုတ်ပြန်တာ မရှိသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။