လူ့အခွင့်အရေး ပညာပေး စာစောင် ဖြန့်ချိနိုင်ရန် HRDP ပြင်ဆင်
2011.04.15

နိုင်ငံသားများရဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးနဲ့ ပတ်သက်ပြီး၊ ကုလသမဂ္ဂ ပြဌာန်းချက်ပါ နိုင်ငံတကာ သဘောတူညီချက်တွေကို ကိုးကား ဖော်ပြထားတဲ့ စာမျက်နှာ ၄၀ ကျော်ပါ လူ့အခွင့်အရေး ပညာပေးရေး လက်ကမ်း စာစောင် တခုကိုလည်း ဖြန့်ဝေနိုင်ဖို့ ဒီရက်ပိုင်းအတွင်း ပြင်ဆင်နေပါတယ်။
အဲဒီ စာစောင်ပါ အချက်အလက်တချို့နဲ့ ပတ်သက်ပြီး HRDP အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမောင်မောင်လေးက အခုလို ရှင်းပြပါတယ်။
“ဟုတ်ကဲ့ နိုင်ငံသားတဦးစီရဲ့ အခွင့်အရေး အရဆိုရင်တော့ အခြေခံလေးက စလို့ပေါ့လေ၊ လွတ်လပ်စွာ ရောင်းဝယ်ပိုင်ခွင့် ဆိုတာတွေ၊ လွတ်လပ်စွာ စီးပွားရှာဖွေပိုင်ခွင့် ဆိုတာတွေ၊ လွတ်လပ်စွာ ပညာသင်ကြားပိုင်ခွင့် ဆိုတာတွေကနေ စလို့ပေါ့လေ၊ နိုင်ငံတော်ရဲ့ အစိုးရတရပ်ကို ဖြုတ်ချပိုင်ခွင့်၊ လွတ်လပ်စွာ ရွေးချယ်တင်မြှောက်ပိုင်ခွင့် ဆိုတဲ့ အဆင့်အထိကို ကျွန်တော်တို့ ကျယ်ကျယ်ပြန့်ပြန့် ပါပါတယ်။ နိုင်ငံသား တယောက်ချင်းရဲ့ အခွင့်အရေး။”
“နောက်တချက်မှာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများဆိုတာ ပါပါတယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ ဘယ်လို ရပ်တည်ပိုင်ခွင့် ရှိတယ်၊ ဘယ်လို ဆောင်ရွက်ပိုင်ခွင့် ရှိတယ်၊ ဘယ်လို လွတ်လွတ်လပ်လပ် စည်းရုံး ဆောင်ရွက်ပိုင်ခွင့် ရှိတယ်၊ ထုတ်ပြန်ပိုင်ခွင့် ရှိတယ်၊ အစိုးရများရဲ့ လိုအပ်ချက်များကို အကြံပြုခြင်း၊ ဝေဖန်ခြင်းတွေ လုပ်ဆောင်နိုင်တယ် ဆိုတာ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးတွေ အပါအဝင်ပေါ့လေ၊ ကျွန်တော်တို့ ဒီ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေး စာချုပ်ဆိုတာကို ပြင်ဆင်နေတာပါခင်ဗျ။”
လာမဲ့ နှစ်သစ်အတွင်း နိုင်ငံသားများရဲ့ နိုင်ငံရေးနဲ့ နိုင်ငံသား အခွင့်အရေးဆိုင်ရာ လူ့အခွင့်အရေးတွေကို မြှင့်တင်နိုင်ရေး ဦးတည်ဆောက်ရွက်သွားမှာ ဖြစ်ကြောင်း ဦးမောင်မောင်လေးက RFA ကို အခုလို ရှင်းပြပါတယ်။
“ဒေသအသီးသီးမှာ ရှိတဲ့ HRDP အဖွဲ့ဝင်တွေရော၊ နိုင်ငံသူ နိုင်ငံသားတွေ အားလုံးမှာလည်းပေါ့လေ နှစ်သစ်ကူးကာလ ဆင်နွှဲနေတဲ့ အချိန်ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က နှစ်သစ်ကူးကာလ ဟိုဖက် ဧပြီလ ကျော်သွားတာနဲ့ တခါတည်းမှာပဲ ကျွန်တော်တို့က ဒီ လူ့အခွင့်အရေး ကိစ္စရပ်တွေကို တိုးမြှင့်ဆောင်ရွက်ဖို့ ကျွန်တော်တို့ အနေနဲ့ ဒီမှာ အစီအစဉ်လေးတွေ လုပ်နေတာ ရှိပါတယ်ခင်ဗျ။”
“ကျွန်တော်တို့ အရင်နှစ် သြင်္ကန်ကဆိုရင် ကျွန်တော်တို့ လူ့အခွင့်အရေး အခြေခံဖြစ်တဲ့ပေါ့နော်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက် ၃၀ ကိုသာလျှင် ကျွန်တော်တို့ အဓိက အားထား ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် နှစ်သစ်ကူးကာလမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်အရပေါ့လေ ကျွန်တော်တို့ နိုင်ငံသားနဲ့ နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများ စာချုပ်ပေါ့နော်၊ အဲဒီ စာချုပ် စာမျက်နှာ ၄၀ လောက် ပါပါတယ်။ အဲဒီ စာအုပ်ကို ကျွန်တော်တို့ ပြင်ဆင်နေပါတယ်။”
မြန်မာနိုင်ငံမှာ စစ်အစိုးရက ၂၀၁၀ ခုနှစ်အတွင်း ရွေးကောက်ပွဲလုပ်ခဲ့ပြီး အရပ်သားပုံသဏ္ဌာန် အစိုးရပြောင်း လဲခဲ့တဲ့နောက်ပိုင်း၊ မြန်မာနိုင်ငံအတွင်းလူ့အခွင့်အရေးအခြေအနေတွေ၊ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ခွင့် ရနိုင်မလားဆိုတာကို ပြည်တွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေ အနေနဲ့ မျှော်လင့်နေသလို၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း စိတ်စားနေကြကြောင်း HRDP တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပါတယ်။
HRDP ကို၂၀၀၁ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့ပြီး၊ လူ့အခွင့်အရေး ပညာပေးမှုတွေကို မြန်မာနိုင်ငံအနှံ့ လိုက်လံဆောင်ရွက်ခဲ့ပါတယ်။
အခုအချိန်အထိ စတင် တည်ထောင်သူတဦး ဖြစ်တဲ့ ဦးမြင့်အေးအပါအဝင် လူ့အခွင့်အရေး မြှင့်တင်လှုပ်ရှားသူ စုစုပေါင်း ၂၃ ယောက်ကျော်ဟာ စစ်အစိုးရရဲ့ အကျဉ်းထောင်တွေအတွင်း ဖမ်းဆီး ထောင်ချခံထားရပါတယ်။