လူ့အခွင့်အရေးအဖွဲ့ခေါင်းဆောင်တဦး ခြိမ်းခြောက်ခံနေရ
2010.09.14
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က နေအိမ်မှာ အစည်းအဝေးခေါ်ယူပြီး မြို့နယ်အာဏာပိုင်တွေရဲ့ အဂတိ လိုက်စားမှုတွေနဲ့ ပတ်သက်တဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့နောက်ပိုင်း အခုလို အသက်အန္တရာယ်အထိ ခြိမ်းခြောက်ခံနေရတယ်လို့ ဦးကိုကိုနိုင်က ပြောပါတယ်။
“၉ လပိုင်း ၅ ရက်နေ့က တနင်္ဂနွေနေ့ ကျတာပေါ့နော်။ ကျွန်တော်တို့ အိမ်မှာ အစည်းအဝေး လုပ်လိုက်တယ်။ တွေ့ဆုံဆွေးနွေးပွဲတွေပေါ့နော။ အဲဒီမှာ လူငယ်တွေ တော်တော်များများ တက်ရောက်တယ်ခင်ဗျ။ အယောက် ၃၀ ကျော် ၄၀ လောက် တက်ရောက်တယ်။ တက်ရောက်တဲ့ကိစ္စက ကျွန်တော်တို့ ဒဒွေး ၁၇ ရပ်ကွက်မှာ ဥက္ကဋ္ဌ ဦးပြုံးချိုဆိုတာ ရှိတယ်ခင်ဗျ။ ဥက္ကဋ္ဌ ဦးပြုံးချိုကနေပြီးတော့ အဲဒီမှာ ထရန်ဖော်မာပုံးကို ကျွန်တော်တို့ ခြံကာမယ်ဆိုပြီးတော့ တအိမ်ကို ၅၀၀ နှုန်းနဲ့ အိမ်ပေါင်း ၃,၀၀၀ ကျော် ရှိတယ် အစ်ကိုရာ။ ၃,၀၀၀ ကျော်ဆိုတော့ သိန်း ၁၅၀ လောက်ရတယ်။”
“အဲဒါနဲ့ ပတ်သက်ပြီးတော့ တကယ့်တကယ် ကုန်ကျမဲ့ငွေက ၁၀ သိန်း ၁၅ သိန်းလောက်ပဲ ရှိတယ်လို့ ကြားတယ်ခင်ဗျ။ အဲဒါကို လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ တချို့ ပြည်သူလူထုတွေက ကျွန်တော့ကို လာအကြောင်းကြားကြတယ်။ လာကြားတော့ ကျွန်တော်က အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် အစည်းအဝေးလုပ်ပြီးတော့ ကြေညာချက်တစောင် ထုတ်တယ်အစ်ကိုရာ။”
“အရက်ဆိုင်တွေ ကိစ္စရော၊ အရက်ဆိုင်တွေ ပွားများလာတဲ့အတွက် ဒီမှာ လူငယ်တွေ ခိုက်ရန် ဖြစ်ပွားတယ်ပေါ့။ နောက်ပြီးတော့ အရက်ဆိုင်တွေကလည်းပဲ လိုင်စင်တွေ မရှိကြဘူး။ ရာအိမ်မှူးတွေ၊ ဥက္ကဋ္ဌတွေကပဲ ဖွင့်ကြတယ် အစ်ကိုရာ။ အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ကျွန်တော် ကြေညာချက် ထုတ်လိုက်တယ်။ ထုတ်ပြီးတော့ ကျွန်တော် အကုန်လုံး ဖြန့်ဝေခြင်း လုပ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူတို့တွေ ပြဿနာတက်တယ် ထင်ပါတယ်။ အဲဒီ ၇ ရက်နေ့ ညကစပြီး ကျွန်တော့ကို ခြိမ်းခြောက်မှုတွေ လုပ်လာတယ်။”
ဒီကြေညာချက်ထုတ်တဲ့ ကိစ္စနဲ့ပတ်သက်လို့ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဦးကိုကိုနိုင်ကို မြို့နယ် ရာအိမ်မှူးနဲ့ ရပ်ကွက်အာဏာပိုင်တွေက ခြိမ်းခြောက်ခဲ့တဲ့အပြင် တပည့် လူမိုက်သုံးပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်ဖို့အထိ လုပ်ဆောင်ခဲ့တယ်လို့ ဦးကိုကိုနိုင်က ပြောပါတယ်။
“အဲဒီ ၁၂ ရက်နေ့ ည ၉ နာရီလောက်ကျတော့ ကျွန်တော် အဲဒီမှာ စားသောက်ဆိုင်ထဲ ဝင်တဲ့အချိန်မှာ ကျွန်တော့ စားပွဲကို အဲဒီ သူတို့ဆီက လူက ရောက်လာတယ်။ ရောက်လာပြီး ကျွန်တော့ကို ရာအိမ်မှူး ဦးစန်းကြည် အပါအဝင်ပေါ့ဗျာ၊ ရန်တွေ့ကြတယ်။ ဒီကြေညာချက်တွေ ထုတ်တဲ့အတွက် သူတို့ကို အနှောင့်အယှက် ဖြစ်တယ်ပေါ့ဗျာ။”
“အဲဒီ အောင်သန်းဌေးဆိုတဲ့ လူငယ်က နှစ်တလက်မ တုတ်တချောင်းကို ကျွန်တော့ရဲ့ စားပွဲရှေ့မှာ စားပွဲပေါ်ကို လာတင်ပြီးတော့ မင်း ငါ့ကို ရိုက်၊ မရိုက်ရင် မင်းကို ငါရိုက်မယ်ဆိုပြီးတော့ သူက လုပ်ပြီးတော့ ရိုက်ဖို့ ရွယ်တယ်ဗျာ။ အဲဒီမှာ သူက ဘာပြောလဲဆိုတော့ ဦးပြုံးချိုရဲ့ တပည့် အောင်သန်းဌေးက ဟေ့လူတဲ့ ခင်ဗျားရဲ့ မိသားစုကိုလည်း ကျုပ်တို့ အချိန်မရွေး ဒုက္ခပေးလို့ ရတယ်၊ သတ်လို့ ရတယ်ပေါ့ဗျာ။ အဲဒီတော့ ခင်ဗျား လုပ်ငန်းတွေကို ရပ်တန်းက ရပ်ဖို့ ကျွန်တော်တို့ ရယက လုပ်ငန်းစဉ်ကို ဝင်ရောက်ပြီးတော့ နှောင့်ယှက်ခြင်း မလုပ်ဖို့ အဲလိုမျိုး ပြောတယ်ခင်ဗျ။”
ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်တွေကို ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ အဆက်အသွယ် မရရှိသေးပါဘူး။ အမှန်တရား ပြန်လည်ဖော်ဆောင်ရေး လူငယ်များအဖွဲ့ဟာ အာဏာပိုင် တွေရဲ့ အဂတိလိုက်စားမှုနဲ့ မတရား အနိုင်ကျင့်မှုတွေကို ဖော်ထုတ်ဖို့ ရည်ရွယ်ချက်နဲ့လွန်ခဲ့တဲ့ ၃ နှစ် လောက်က စတင် ထူထောင်ခဲ့တာ ဖြစ်ပြီး၊ မြန်မာနိုင်ငံတဝန်းးမှာ အဖွဲ့ဝင်အင်အား ၃၀၀ နီးပါးလောက် ရှိနေပြီလို့ သိရပါတယ်။