ငွေကျပ်သိန်းပေါင်း ၅ သောင်းကျော် လိမ်လည်မှု သတင်းစာရှင်း


2018.01.06
aungthanoo-622 မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဌ ဦးအောင်သန်းဦး ကို တွေ့ရစဉ်
Photo: Aung Thain Kha/RFA

ရန်ကုန်တိုင်း ဆန်ဈေးကွင်းအတွင်း ငွေကျပ်သိန်းပေါင်း ၅သောင်းကျော် လိမ်လည်မှုဖြစ်ပေါ်ခဲ့တာဟာ ဆန်ကုန်သည်တွေရဲ့ လောဘကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီနေ့ ပြောပါတယ်။

ငွေကြေးလိမ်လည်မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့ ဘုရင့်နောင်က မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အသင်း ဥက္ကဌ ဦးအောင်သန်းဦးက ပြောတာ ဖြစ်ပါတယ်။

"ရောင်းသူဝယ်သူ ကျေနပ်နေတဲ့အခါမှာ ကျနော်တို့အနေနဲ့ ဒါကိုဝင်ဖို့ တော်တော်ခက်ပါတယ်၊ ဒီဟာကလည်းပဲ ရောင်းသူဝယ်သူ ကျေနပ်နေတဲ့အချိန်ကိုး၊ သွားပြီးတော့ ဥပဒေကြောင်းအရလည်း စွက်ဖက်လို့ မရပါဘူး စည်းကမ်းအရလည်း စွက်ဖက်လို့ မရပါဘူး၊ ဒီလိုရောင်းတဲ့အခါမှာလည်း ပုံမှန်ဖြစ်နေတဲ့ ဈေးကွက်ရဲ့ ပေါက်ဈေးတွေနဲ့ ပိုမိုရလိုတဲ့ဆန္ဒနဲ့ ရောင်းနေတာကိုလည်း ကျနော် တို့ တွေ့ရတယ်၊ လက်ရှိ Export ဖြစ်ပေါ်နေတဲ့ဈေး ဆန် ၁ တန်ရဲ့ ပြည်ပရောင်းဈေး ပြည်တွင်းမှာ ရှိတဲ့ ငွေလဲလှယ်နှုန်းတင်ပို့တဲ့ စရိတ်စကတွေကို တွက်ချက်ကြည့်မယ်ဆိုရင်လည်း ၎င်းထံ သွားရောင်းနေတဲ့ ဈေးတွေသည် ဒါဈေးကွက်ရဲ့ ပေါက်ဈေးဖြစ် မဖြစ်ဆိုတာ အားလုံး သုံးသပ်လို့ ရပါတယ်၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကုန်စည်ဒိုင်ကော်မတီအနေနဲ့ကော အကြိမ်ကြိမ် အသိပေး ထားပါတယ်၊ သို့သော်လည်းပဲ အချို့ဖြစ်စဉ်တွေကို ပြန်ကြည့်ရင် ၎င်းတို့ရဲ့ လောဘဆန္ဒဟာ ရှေ့တန်း တင်ပြီး လုပ်တဲ့အတွက် ယခုလို ဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရပါတယ်"

အဲဒီလိမ်လည်မှုကို ကုန်သည် ၆၄ ဦး တိုင်တန်းမှုကြောင့် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များ အသင်းအနေနဲ့ သိရှိရတာဖြစ်ပြီး တိုင်ကြားမှုနောက်ကျတဲ့အတွက် ငွေကြေးလိမ်လည်သူက ထွက်ပြေးတိမ်းရှောင်သွားတာဖြစ် တယ်လို့ ပြောပါတယ်။ လိမ်လည်ခံရသူတွေထဲမှာ ပြည်ပကုမ္ပဏီတစ်ခုလည်း ပါဝင်နေပြီး အဲဒီကုမ္ပဏီက ဒေါ်လာ တစ်သိန်းလေးသောင်းလောက်ပါသွားတယ်လို့ တိုင်ကြားထားကြောင်း ပြောပါတယ်။

ငွေလိမ်လည်သူတွေကို အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ဆန်စပါးကုန်သည်များ အသင်းတို့ ပူးပေါင်း လုပ်ဆောင်နေကြောင်း ဦးအောင်သန်းဦးက ပြောပါတယ်။

ငွေကြေးလိမ်လည်သူတွေနဲ့ ဆက်စပ်ပြီး ကုန်သည် ၄ ဦးလောက်ကိုလည်း တရားစွဲဆိုထားပါတယ်။

ဆန်အပြင် အလုပ်သမား ၄၀ နီးပါးလောက်ကိုလည်း လုပ်အားခမပေးဘဲ ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပြီး အခုလို ငွေကြေးလိမ်လည်မှုတွေ ဖြစ်ပေါ်တဲ့အတွက် ဆန်စပါးဈေးကွက်အပေါ် ထိခိုက်မှုကြီးမားကြောင်း အသင်းတာဝန်ရှိသူတွေက ပြောပါတယ်။

ငွေကြေးလိမ်လည်သူ ASO ကုမ္ပဏီက ဦးအောင်ဆွေဦးနဲ့ ဇနီးကို ဖမ်းဆီးရမိဖို့ ကြိုးစားသွားမှာဖြစ်ပြီး နစ်နာသူတွေကိုလည်း ငွေကြေးအချိုးကျရရှိအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် အသင်းမှာ ကော်မတီ ၃ ရပ် ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်းမှာ ငွေကြေးလိမ်လည်မှု သိန်းပေါင်းသောင်းနဲ့ချီ ဖြစ်ပေါ်တာ ဒီတစ်ကြိမ်နဲ့ဆို ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2022-01-07 11:57

Thank