ဆန်ကိစ္စ ဖမ်းဆီးခံထားရတဲ့ သူတို့နိုင်ငံသားကို လွှတ်ပေးဖို့ ဂျပန်အစိုးရတောင်းဆို
ဖမ်းဆီးခံထားရတဲ့ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမက်ဆု ဟီယိုရှီကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုလိုက်တဲ့အကြောင်း AFPသတင်း မှာ ဖော်ပြပါတယ်။
ရန်ကုန်မြို့အခြေစိုက် Aeon Orange စျေးဝယ်စင်တာရဲ့ ဒါရိုက်တာ မစ္စတာကာဆာမက်ဆုအပါအဝင် ၁၁ ဦးကို ဆန်စျေးနှုန်း အမြတ်တင်ရောင်းတယ်လို့ စွပ်စွဲပြီး စစ်ကောင်စီက တနင်္ဂနွေနေ့မှာ ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
မစ္စတာကာဆာမက်ဆုကို ရန်ကုန်က ရဲစခန်းတစ်ခုမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ သတင်းရထားပြီး၊ ချက်ချင်းပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေကို တောင်းဆိုတယ်လို့ ဂျပန်အစိုးရပြောခွင့်ရှိသူ မစ္စတာ ယိုရှီမာဆာ ဟာယာရှီက သတင်းထောက်တွေကို ဒီနေ့ပြောပါတယ်။
သူ့ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်စရာမရှိကြောင်း ကြားသိရတယ်လို့လည်း ဆိုပါတယ်။ စစ်ကောင်စီဘက်ကတော့ အဲဒီဂျပန်နိုင်ငံသား အပါအဝင် ၁၁ ဦးကို အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထိချနိုင်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မနဲ့ အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက် ရွှေ၊ နိုင်ငံခြားငွေစျေးတွေတင်မက အခြေခံစားသောက်ကုန် စျေးနှုန်းတွေပါ သုံးဆလောက်ထိတက်နေတာကြောင့် ထိန်းချုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ကောင်စီဟာ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖမ်းဆီးအရေးယူနေတာဖြစ်ပါတယ်။