ပြည်ပဆန်တင်ပို့မှု နှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံး စံချိန်ရောက်ရှိ
2013.03.01
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုဟာ နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံဆန်ရဲ့ ပြည်ပတင်ပို့မှု အခြေအနေနဲ့ ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ်မှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းက ဗဟိုအလုပ်အမှုဆောင်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ယာယီ ဥက္ကဌ ဒါရိုက်တာ ဒေါက်တာစိုးထွန်းက အခုလို ဖြေကြားခဲ့တာပါ။
“ဒီနှစ်ကပြည်ပကို ဆန်တင်ပို့မှုအများဆုံး ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တရုတ်နိုင်ငံကလဲ ဒီဆွဲအားများတဲ့အတွက်ကြောင့်မို့ ပြည်တွင်းဆန်ဈေးက တက်လာပါတယ်၊ လက်ရှိပြည်တွင်းဆန်ဈေး အနေအထားကို ကြည့်မယ်ဆိုရင် ၂၅ မှတ်သတ်မှတ်ထားတာပေါ့နော်၊ export ပို့တဲ့ဆန်ဆိုရင် ၁၄၅၀၀ ကနေ ၁၄၈၀၀ လောက်အထိ ဖြစ်ပါတယ်၊”
မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းယာယီ ဥက္ကဌ ဒါရိုက်တာ ဒေါက်တာစိုးထွန်း ပြောသွားတာပါ။ အရင်က မြန်မာ့ဆန်ဈေးကွက် ကျဆင်းနေရာကနေ ဒီနှစ်မှာသိသိသာသာ စံချိန်တင်မြင့်တက်လာတာဖြစ်တယ်လို့ ဒေါက်တာစိုးထွန်းက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၁၉၆၃ ခုနှစ်၊ ဒီဇင်ဘာလကစပြီး မြန်မာ့ဆန်စပါး ရောင်းဝယ်မူကို ပြည်သူပိုင်ဆောင်ရွက်ခဲ့ရာက ၂ဝဝ၃ ခုနှစ်ရောက်မှ လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့ ၂၀၁၁- ၂၀၁၂ ခုနှစ်အတွင်း ပြည်ပကို ဆန်တန်ချိန် ၇ သိန်း ၉ သောင်းကျော် (အမေရိကန်ဒေါ်လာ သန်း ၃၁၀ နီးပါး) တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။