ဆန်ပို့ကုန်ရငွေအပေါ် ဗဟိုဘဏ်ထိန်းချုပ်မှု ကုန်သည်နဲ့တောင်သူတွေ နစ်နာနိုင်

RFA Burmese
2023.02.25
ဆန်ပို့ကုန်ရငွေအပေါ် ဗဟိုဘဏ်ထိန်းချုပ်မှု ကုန်သည်နဲ့တောင်သူတွေ နစ်နာနိုင် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်ဆန်ပွဲရုံတစ်ရုံအား ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေရဲ့ နယ်စပ်ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို မတ်လ ၁ ရက်နေ့က စပြီး ဗဟိုဘဏ်ဈေးနဲ့ လဲလှယ်ပေးရမယ်လို့ စစ်ကောင်စီရဲ့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၄ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လက်ရှိ ကုန်သည်တွေအနေနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကနေရရှိတဲ့ ဝင်ငွေတွေရဲ့ ၁၀၀ ရာခိုင်နှုန်းကို ပြင်ပပေါက်ဈေးနဲ့ လဲလှယ်ခွင့်ရနေပေမယ့် နောက်လကစပြီး ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေးနဲ့ လဲလှယ်ပေးရတော့မှာပါ။

ဗဟိုဘဏ်ရဲ့ ဒီလိုကန့်သတ်ထိန်းချုပ်မှုကြောင့် ဆန်ကုန်သည်တွေ နစ်နာမှာဖြစ်သလို တောင်သူတွေလည်း ဈေးကောင်းမရနိုင်တော့ဘူးလို့ ဆန်လုပ်ငန်းရှင်တစ်ဦးက RFA ကို ပြောပါတယ်။

"ဥပမာ ဆန်ရောင်းလို့ တရုတ်ငွေ ၁၀၀ ရတယ်။ အပြင်ပေါက်ဈေး ၄၂၈ ကျပ်နဲ့ ကိုယ်ကြိုက်တဲ့ဆီ လဲလို့ရတယ်။ အခု မတ်လ ၁ ရက်နေ့ကစပြီး ၆၅ ကို ဗဟိုဘဏ် သတ်မှတ်ဈေး ၃၀၈ ကျပ်နဲ့ လဲပေးရမှာ။ ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို အပြင်ဈေးနဲ့ လဲလို့ရမယ်။ တစ်အိတ်ကို တစ်သောင်းတစ်ထောင်ကျော် နစ်နာဆုံးရှုံးသွားတယ်။ တောင်သူတွေဆီကလည်း ဈေးချဝယ်မှရတော့မှာ"

စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကြောင့် ဆန်ဈေး အနည်းငယ်ကျလာနိုင်ပေမယ့် ဆန်ထွက်တဲ့ ရာသီမဟုတ်ဘဲ စျေးကျတာ ပုံမှန်အနေအထားမဟုတ်ဘူးလို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ ပို့ကုန်ရငွေတွေကို လေးလအတွင်း ပေါက်ဈေးအတိုင်း လိုင်စင်ရဘဏ်တွေကို ပြန်ရောင်းချပေးဖို့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ကစပြီး သတ်မှတ်ခဲ့ပါတယ်။

အဲဒီနောက် ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း မြန်မာငွေနဲ့ လဲလှယ်ဖို့ ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့ ရက်စွဲနဲ့ ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ကျန်တဲ့ ၃၅ ရာခိုင်နှုန်းကို ရက် ၃၀ အတွင်း သုံးစွဲမှုမရှိမှသာ လိုင်စင်ရဘဏ်တွေကို ပြန်ရောင်းပေးရမယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်မှာတော့ ကျန်တဲ့ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို သင်္ဘောတင်ခ၊ ပစ္စည်းစစ်ဆေးခနဲ့ ကော်မရှင်ခတွေအတွက် ကိုယ်ပိုင်အစီအစဉ်နဲ့သုံးစွဲဖို့ ဗဟိုဘဏ်က ထပ်မံထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ဆန်နဲ့ ဆန်ကွဲရဲ့ နယ်စပ်ကုန်သွယ်မှုကရတဲ့ငွေကိုတော့ ၁၀၀ ရာခိုင်နှုန်း ပြင်ပ ပေါက်ဈေးနဲ့ လဲလှယ်ခွင့်ပေးထားရတာကနေ အခုလို ကန့်သတ်မှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။