ရိုက်တာသတင်းထောက် ၂ ဦး လွတ်မြောက်ဖို့ ဆုတောင်းပွဲ ကျင်းပ
2018.01.07

၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က ဖမ်းဆီးခံလိုက်ရတဲ့ ရိုက်တာသတင်းဌာနက မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ လွတ်မြောက်ရေး အတွက် လူဦးရေ ၂၀ နီးပါးက ဒီကနေ့ ရန်ကုန်မြို့ ဆူးလေဘုရားမှာ ဆုတောင်းခဲ့ကြပါတယ်။
သတင်းထောက်နှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်တာဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ မျက်နှာမရဖြစ်ရတယ်လို့ ကိုဝလုံးရဲ့ သူငယ်ချင်း ကိုသန့်ဇင်စိုး က ပြောပါတယ်။
"ဝလုံး ဇနီးမှာလည်း ကိုယ်ဝန်နုနုလေးရှိတယ်ပေါ့နော်၊ ဒါဟာ စိတ်မကောင်းဖို့ ကောင်းတာပေါ့ဗျာနော်၊ သူ့အလုပ်သူလုပ်ရင်းနဲ့ အဖမ်းခံရတာတော့ ဘယ်လုပ်လို့ကောင်းမှာလဲနော်၊ ပြောရရင်သိတဲ့အတိုင်းပဲ ကျနော်တို့က ဒီမိုကရေစီနိုင်ငံကို သွားနေကြခြင်းဖြစ်တယ်၊ အဲလိုသွားနေကြတဲ့အချိန်မှာ ဒါမျိုးဖြစ်တယ် ဆိုတာတော့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်လည်း မျက်နှာမရဘူးပေါ့နော်၊ အဲဒီတော့ ဘယ်သူ့အတွက်မှလည်း မကောင်းပါဘူး၊ သူ့အလုပ် သူလုပ်တယ်လို့ပဲ ကျနော်က ယုံကြည်ပါတယ်၊ အဲ့အတွက် ဘာမှစိုးရိမ်စရာမလိုပဲနဲ့ သူ့ကိုပြည်လည် လွှတ်ပေးသင့်ပါတယ်"
သတင်းထောက် ကိုသက်ဦးမောင် (ခေါ်) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခေါ်) မိုးအောင်တို့ နှစ်ဦးကို ဒီဇင်ဘာလ ၁၂ ရက်နေ့က နိုင်ငံတော် လျှို့ဝှက်ချက်များအက်ဥပဒေပုဒ်မ ၃ နဲ့ မင်္ဂလာဒုံမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
ဆုတောင်းပွဲကျင်းပသူတွေဟာ ကိုဝလုံးရဲ့ ပရဟိတအဖွဲ့က မိတ်ဆွေတွေဖြစ်ပြီး ကိုဝလုံးတို့နှစ်ဦး လွတ်မြောက်ရေး အတွက် ဆူးလေဘုရား၊ သောကြာထောင့်မှာ အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းခဲ့ကြပါတယ်။
ကိုဝလုံးဟာ သတင်းထောက်တစ်ဦးဖြစ်သလို နွမ်းပါးတဲ့ကလေးငယ်တွေကို ပညာရေးနဲ့ ပတ်သက်ပြီး ထောက်ပံ့နေတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့မှာလည်း ပါဝင်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပါတယ်။
သတင်းထောက်နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့ပြီး လာမယ့် ၂၀၁၈ ဇန်နဝါရီ ၁၀ ရက်နေ့မှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်မှာ ဖြစ်ပါတယ်။ အဲဒီရုံးထုတ်မှာလည်း မြန်မာနိုင်ငံ သတင်းသမားများ ကာကွယ်ရေးကော်မတီ PCMJ က သတင်းသမားတွေကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်ပါတယ်။