ရခိုင်အမတ်အပြင် ရိုက်တာသတင်းဌာနကိုပါ အမှုဖွင့်ထားကြောင်း ရဲအတည်ပြု
2020.03.09
ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ခဲ့တဲ့ အခြေအနေကို ရိုက်တာ သတင်းဌာနနဲ့ အမေးအဖြေလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး တပ်မတော်က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကို ပြီးခဲ့တဲ့ ကြာသာပတေးနေ့က အမှုဖွင့်ထားပါတယ်။
ဒီအမှုမှာ ဦးမောင်ကျော်ဇံအပြင် ရိုက်တာသတင်းဌာနကိုပါ တရားစွဲထားတယ်လို့ ဘူးသီးတောင်မြို့နယ်၊ ရဲစခန်းမှူး ရဲအုပ်ကျော်သူ က RFA ကို အတည်ပြုပါတယ်။
“ဒီမှာတော့ ၆၆ ဃနဲ့ အမှုဖွင့်ထားတာရှိတယ်။ ဦးမောင်ကျော်ဇံ ပြောသလိုဘဲ ဦးမောင်ကျော်ဇံနဲ့ ရိုက်တာ သတင်းဌာန နှစ်ခုကို အမှုဖွင့်ထားတယ်။ စုံစုံလင်လင်သိချင်ရင်တော့ နယ်မြေခံသတင်းထောက်တွေကို လွှတ်လိုက်ပါ။”
ဦးမောင်ကျော်ဇံကို အမှုဖွင့်ထားတာ ဟုတ်မှန်တယ်လို့ တပ်မတော်ဘက်က ပြောပေမယ့် အမှုဖွင့်တဲ့အထဲမှာ ရိုက်တာ သတင်းဌာနပါဝင်တယ်၊ မပါဝင်ဘူးဆိုတာ ယတိပြတ် မပြောပါဘူး။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ဦးမောင်ကျော်ဇံကို အမှုဖွင့် ထားတာကိုပဲ သိထားတယ်လို့ RFA ကို ဒီနေ့ ပြောပါတယ်။
“တရားဥပဒေအကြောင်းဖြစ်တယ်ဆိုရင် သူဥပဒေအကြောင်းအတိုင်းပဲ သွားရမှာ။ အဲဒီအတွက်တော့ ကျွန်တော်တို့ ဘာမှပြောစရာအကြောင်းမရှိပါဘူး။ ရိုက်တာပါမပါ လောလောဆယ်တော့မသိရသေးဘူး။ ဦးမောင်ကျော်ဇံ တစ်ယောက်ပဲ သိရသေးတယ်။”
ဘူးသီးတောင်ရဲစခန်းမှာ တပ်မတော်က တရားလို ဒုဗိုလ်မှူးကြီး ပြည်စုံအောင်က အခုလ ၅ ရက်နေ့မှာ အမှုဖွင့်ထားတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တဲ့ သတင်းနဲ့ ပတ်သက်ပြီး အမှုဖွင့် ခံရတာလို့ ဦးမောင်ကျော်ဇံက ပြောပါတယ်။
“၂၅ ၊ ၁၊ ၂၀၂၀ ရက်နေ့ ဘူးသီးတောင်မြို့နယ်၊ ကင်းတောင်ကျေးရွာမှာ လက်နက်ကြီးကျည်ကျရောက်ပြီး ဘင်္ဂါလီ အမျိုးသမီးနှစ်ယောက် သေဆုံးကာ ခုနှစ်ယောက် ဆေးရုံတက်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာ သတင်းဌာနမှာ အမေးအဖြေလုပ်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တရားစွဲဆိုထားတာ။”
ဇန်နဝါရီလ ၂၅ ရက်နေ့က ရိုက်တာသတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာတော့ ကင်းတောင်ရွာ လက်နက်ကြီး ပစ်ခတ်ခံရမှုမှာ တာဝန်ရှိတာက တပ်မတော်လက်ချက်ဖြစ်တယ်လို့ လွှတ်တော်အမတ် ဦးမောင်ကျော်ဇံအပါဝင် ရွာသားတစ်ဦးနဲ့ ရက္ခိုင့်တပ်တော် AA တို့က စွပ်စွဲထားတာကို တပ်မတော်က ငြင်းတယ်လို့ ရေးသားထားပါတယ်။
“ကင်းတောင်ရွာ အနီးမှာရှိတဲ့ တပ်မတော် တပ်ရင်းက ညပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်လိုက်တာ” “ တိုက်ပွဲမရှိနေဘဲ အဲဒီရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ” လို့ ဦးမောင်ကျော်ဇံက ရိုက်တာကို တယ်လီဖုန်းနဲ့ ပြောခဲ့ကြောင်း ရိုက်တာက သတင်းဖော်ပြထားပါတယ်။
ဘူးသီးတောင်မြို့နယ်ရဲစခန်းက စခန်းမှူးကတော့ အမှုဖွင့်ထားတဲ့ အကြောင်းအရာ အသေးစိတ်ကို ထုတ်မပြောပါဘူး။
ဦးမောင်ကျော်ဇံက ရဲစခန်းရဲ့မှတ်တမ်းထဲမှာ ရိုက်တာသတင်းဌာနက ဘယ်သူကို အမှုဖွင့်ထားတယ်ဆိုတာကို ထည့်ရေးထားတာမတွေ့ရဘူးလို့ ပြောပါတယ်။
သူကိုတော့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေတာမို့ လွှတ်တော်ဥက္ကဋ္ဌဆီကို ခွင့်ပြုစာတင်ဖို့ ရဲတပ် ဖွဲ့က လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက် ၁ နာရီခွဲလောက်မှာ ဘူးသီးတောင်မြို့နယ် ကင်းတောင် မွတ်ဆလင် ကျေးရွာက နေအိမ်တစ်လုံးပေါ် လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ ကိုယ်ဝန်ဆောင်တစ်ဦးနဲ့ ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ရေးသားတဲ့စာကို ဖေ့ဘွတ်စာမျက်နှာမှာ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက တင်ခဲ့ပါတယ်။
ဒီလိုရေးသားတင်ခဲ့တဲ့အတွက် ဦးမောင်ကျော်ဇံကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်တာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က RFA ကို အခုလ ၇ ရက်နေ့က ပြောထားပါတယ်။
“ကျွန်တော်တို့ အမှုဖွင့်ထားတာ၊ အဓိကကတော့ သူရဲ့ လူမှုကွန်ယက်ဖေ့စ်ဘွတ်စာမျက်နှာမှာ သူရဲ့ အကောင့်ကနေပြီး မြန်မာ့တပ်မတော်က လက်နက်ကြီးများနဲ့ ပစ်ခတ်လို့ အရပ်သားများသေဆုံးဆိုပြီး တင်ထားတဲ့ဟာ ရှိပါတယ်။ အဲအတွက် ၆၆ (ဃ) နဲ့ အမှုဖွင့်တာပါ။ အမှန်တကယ် ပြန်ကြည့်လိုက်တော့ တပ်မတော်က ပစ်ခတ်တဲ့ ကျည်ကြောင့်လည်း မဟုတ်ဘူး”
အဲဒီနေ့က ရွာထဲကိုကျတဲ့ လက်နက်ကြီးဟာ ရက္ခိုင့်တပ်တော် AA ပစ်တဲ့လက်နက်ကြီးလို့ တပ်မတော်ဘက် က RFA ကိုပြောထားပါတယ်။
အမှုဖွင့်ခံထားရမှုနဲ့ ပတ်သက်ပြီး ရိုက်တာသတင်းဌာနကို RFA က ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်ချက် မပေးသေးပါဘူး။