ရိုက်တာအမှု တရားမျှတမှုရှိစေဖို့ သမ္မတထံ အိတ်ဖွင့်ပေးစာပို့

2018.04.26
reuters-reporters-622.JPG ရိုက်တာ သတင်းထောက် ကိုဝလုံး ကို ၂ဝ၁၈ ခုနှစ် ဧပြီလ ၂ဝ ရက်နေ့က ရုံးထုတ်လာတာကို တွေ့ရစဉ်
Photo: Htet Arkar/ RFA

ဖမ်းဆီးခံထားရတဲ့ ရိုက်တာ သတင်းထောက် ၂ ယောက်နဲ့  အဲဒီအမှုအတွက် တရားရုံးမှာ သက်သေထွက်ဆိုတဲ့ ဒုရဲမှူး မိုးရန်နိုင်တို့နဲ့ ပတ်သက်ပြီး တရားမျှတမူရှိအောင် ဆောင်ရွက်ပေးဖို့ အရပ်ဖက်အဖွဲ့အစည်း  ၁၆၃ ဖွဲ့က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်ပေးစာတစောင်ကို ဒီကနေ့ ပေးပို့လိုက်ပါတယ်။

အခုစစ်ဆေးနေတဲ့ အမှုကို တရားမျှတမှုရှိဖို့ နိုင်ငံတော် သမ္မတကြီးကို အိတ်ဖွင့်ပေးစာ ပေးရတာဖြစ်တယ်လို့ COMMUNITY RESPONSE ACTION GROUP ( COMRGE) အဖွဲ့က ကိုသတိုးက ပြောပါတယ်။

"ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေ၊ ရဲဝန်ထမ်း၊ မိသားစုတွေရဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံရေး၊ ရုပ်ပိုင်း ဆိုင်ရာလုံခြုံရေး၊ နောက်တစ်ခုရှိတာ သူတို့ရဲ့ ဂုဏ်သိက္ခာတွေအတွက် ကျနော်တို့ ကာကွယ်ပေးဖို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ကို အမြန်ဆုံးဖွဲ့စည်းပေးပြီး အမှုမှန်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ တောင်းဆိုခြင်းပဲရှိပါတယ်"

ရိုက်တာသတင်းဌာနက သတင်းထောက် နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ဖမ်းဆီးပြီး အင်းစိန်မြောက်ပိုင်းခရိုင်ရုံးမှာ ရုံးထုတ်ပြီး သက်သေတွေကို စစ်ဆေးနေတာဖြစ်ပါတယ်။

သတင်းကိစ္စပေးဖို့ ရှိတယ်ဆိုပြီး ရဲတွေက လှမ်းခေါ်ရာမှာ သူတို့နှစ်ယောက်ဟာ သွားရောက်ခဲ့ရင်း ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ရဲ့ အမှုနဲ့ပတ်သက်ပြီး သက်သေတွေကို စစ်ဆေးနေရာမှာ သက်သေတစ်ဦးဖြစ်တဲ့ ရဲမှူး မိုးရန်နိုင်က သတင်းထောက် နှစ်ယောက်ကို ဖမ်းဆီးတာဟာ ထောင်ချောက်ဆင် ဖမ်းဆီးတာဖြစ်တယ်လို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

အခုလက်ရှိမှာတော့ သတင်းထောက် ၂ ယောက်ကို အင်းစိန်ထောင်အတွင်းမှာ ထိန်းသိမ်းထားပြီး ရဲမှူးကိုတော့ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ မသိရသေးပါဘူး။ သူတို့အမှုကို လာမယ့် မေလ ၂ ရက်နေ့မှာ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။