ရိုက်တာသတင်းထောက် ၂ ယောက်ကို လွှတ်ပေးဖို့ အမေရိကန်ဒုသမ္မတတောင်းဆို
2018.09.05
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံလိုက်ရတဲ့ ရိုက်တာသတင်းထောက် ၂ ယောက်ကို အမြန်ဆုံးလွှတ်ပေးဖို့ အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က မြန်မာအစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို သတင်းဖော်ထုတ်ဖို့ ကြိုးစားတဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ထောင်ဒဏ်ကျခံရမှာ မဟုတ်ဘဲ ချီးကျူးခံရမယ့်သူတွေပါ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်နဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာတွေဟာ အင်အားကောင်းတဲ့ ဒီမိုကရေစီစနစ်ရဲ့ မရှိမဖြစ် လိုအပ်ချက်တွေပါ” လို့ ဒုတိယသမ္မတ မိုက်ပန့်စ်က သူ့ရဲ့တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်လိုက်တဲ့ တရားရုံးဆုံးဖြတ်ချက်ကို ကန့်ကွက်ကြတဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေထဲမှာ မိုက်ပန့်စ်ဟာ ရာထူးအမြင့်ဆုံး ဖြစ်ပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်ဟာ သူတို့အလုပ် သူတို့လုပ်တဲ့အပေါ် မြန်မာတရားရုံးက ထောင် ၇ နှစ်စီ ချမှတ်လိုက်တဲ့အတွက် အင်မတန် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်လို့လည်း မိုက်ပန့်စ်က ရေးသားခဲ့ပါတယ်။