ရိုက်တာ သတင်းထောက် နှစ်ဦး အယူခံအတွက် နှစ်ဖက် လျှောက်လဲချက်တင်


2018.12.24
thanzawaung-622.jpg ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့ ရှေ့နေ ဦးသန်းဇော်အောင်ကို ၂၀၁၈၊ ဒီဇင်ဘာ ၂၄ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/ RFA

ရိုက်တာ သတင်းထောက် နှစ်ဦးဟာ ထောင်ချောက်ဆင် ဖမ်းဆီးခံရတာဖြစ်ကြောင်း သူတို့နှစ်ဦးရဲ့ ရှေ့နေက ဒီကနေ့ တိုင်းတရားရုံးမှာ အယူခံအတွက် လျှောက်လဲချက် တင်ခဲ့ပါတယ်။

အောက်ရုံးရဲ့ဆုံးဖြတ်ချက်ကို ပယ်ဖျက်ပြီး သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးဖို့ လျှောက်လဲခဲ့ကြတာပါ။

သတင်းထောက်နှစ်ဦးဟာ အင်းဒင်ရွာကိစ္စမှာ ပါဝင်ပတ်သက်သူတွေကို ဖေါ်ထုတ်ဖို့ ကြိုးစားခဲ့ကြတာ ဖြစ်လို့ ရဲတွေနဲ့ တွေ့ခဲ့ကြတာဖြစ်ကြောင်း၊ လျှို့ဝှက်ချက် တစ်စုံတစ်ရာကိုမှ မတောင်းဆိုခဲ့ကြကြောင်း၊  တင်ပြခဲ့တဲ့ သက်သေအထောက်အထားတွေ၊ ထွက်ဆိုချက်တွေ၊ ကိုးကားချက်တွေအရ သူတို့မှာ အပြစ်မရှိကြောင်း ထင်ရှားနေတဲ့အတွက် ပြစ်ဒဏ်ကိုပယ်ချက်ပေးဖို့ လျှောက်လဲခဲ့ကြပါတယ်။

အစိုးရရှေ့နေကတော့ မြောက်ပိုင်းခရိုင်တရားရုံးရဲ့ ထောင်ဒဏ် ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့အတွက် အယူခံကို လက်မခံသင့်ကြောင်း လျှောက်လဲချက်တင်ခဲ့ပါတယ်။

ထောင်ဒဏ် ၇ နှစ်စီ ကျခံနေရတဲ့ ရိုက်တာ သတင်းထောက် နှစ်ဦးတို့ရဲ့ အယူခံကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပြီး နှစ်ဖက်ရှေ့နေတွေက လျှောက်လဲချက် တင်ကြတာဖြစ်ပါတယ်။

အယူခံကို လက်ခံ မခံ ရန်ကုန်တိုင်း တရားလွှတ်တော်က ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီကနေ့ တိုင်းတရားလွှတ်တော်ရုံးကို အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေတွေ၊ မိသားစုဝင်တွေနဲ့ နိုင်ငံတကာသံရုံးတွေက သံတမန်တွေ  လာရောက်ခဲ့ကြပါတယ်။

ရိုက်တာ သတင်းထောက် နှစ်ဦးရဲ့အမှုအပေါ် နိုင်ငံတကာက စောင့်ကြည့်နေကြပြီး၊ ဒီအမှုဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု အခြေအနေအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ဝေဖန်တာတွေ ထွက်ပေါ်နေသလို၊ သံတမန်တွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း သတင်းထောက် နှစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ဖို့ တောင်းဆိုနေကြပါတယ်။

နယ်စည်းးမခြားသတင်းထောက်များအဖွဲ့ RSF က လည်း ဒီမိုကရေစီဆီ အသွင်ကူးပြောင်းနေပါတယ်ဆိုတဲ့ နိုင်ငံတနိုင်ငံအနေနဲ့ ဒီအမှုဟာ လက်သင့်ခံနိုင်စရာမရှိကြောင်း ပြောဆိုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။