ရွှေမှော်လုပ်ငန်းတွေမှာ မူးယစ်ဆေး ဖြန့်ဖြူးမှု တားပေးဖို့ ဆန္ဒပြ
2014.10.26

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ်က ရွှေမှော်လုပ်ငန်းတွေရှိတဲ့ ကျေးရွာတွေမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူ းမှှုရှိနေတာကို အရေးယူပေးဖို့ ဒေသခံ ငါးရာနီးပါးလောက်က ဗန်းမောက်မြို့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းရေးအတွက် တောင်းဆိုကြတာလို့ ဒီနေ့ ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဗန်းမောက် မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အတွင်းရေးမှူး ကိုညီညီဟန်က RFA ကို ပြောပါတယ်။
"ကျနော်တို့ဒေသက ရွှေထွက်တဲ့ဒေသဆိုတော့ မူးယစ်ဆေးဝါးရောင်းချတဲ့ သူတွေက ဈေးကွက်တစ်ခုအနေနဲ့ဝင်ပြီးတော့ ကျနော်တို့ဆီမှာ ရောင်းချတဲ့အတွက် ကျေးရွာတိုင်းလိုလို၊ ရပ်ကွက်တိုင်းလိုလိုမှာ ကျနော်တို့ မူးယစ်ဆေး ဝါးရောင်းချသူ၊ သုံးစွဲသူတွေရှိနေပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ပါတယ်၊ နံပါတ် ၁ ကျနော်တို့ မူးယစ်ဆေးဝါး ရောင်းဝယ်မှှု ကာကွယ်တားဆီးနှိမ်နင်းရေး၊၊ နံပါတ် ၂ ကတော့ ကျနော်တို့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အသေးစိတ် ဖြေရှင်းစေရေး၊ နံပါတ် ၃ က တရားဥပဒေ စိုးမိုးမှှု အခိုင်အမာရရှိရေး၊ နံပါတ် ၄ မူးယစ်ဆေးစွဲသူများ ဆေးစွဲရာတွင် ဥပဒေဘောင်အတွင်းမှ အကူအညီရရှိစေရေး အဲ့ဒီအချက်တွေ ကျနော်တို့ တောင်းဆိုတာဖြစ်ပါတယ်"
ဒီနေ့ ဆန္ဒပြပွဲကို ဗန်းမောက်မြို့ အနောက်ဘက် နားယကာရွာကနေ အရှေ့ဘက် အောင်သာကုန်းရွာအထိ တစ်မိုင်ကျော်ခရီးကို လမ်းလျှောက်ဆန္ဒပြခဲ့ကြတာဖြစ်ပြီး ဗန်းမောက်မြို့နယ် ကိုင်းကြီး၊ စက်တော၊ ပန်းတော၊ နားယကာ၊ အောင်သာကုန်းစတဲ့ကျေးရွာပေါင်း ၂ဝ ကျော်က ဒေသခံတွေ ပါဝင်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်အတွင်းမှာ
မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးကို ထိရောက်စွာဆောင်ရွက်ဖို့ ဒေသခံ ၆ဝဝ ကျော်က အင်းတော်မြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။