ဖမ်းဆီးခံထားရတဲ့ ဒေသခံရွာသားတွေကို ပြန်လွှတ်ပေးဖို့ မိသားစုတွေ တောင်းဆို
2021.01.29
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်အစပ် ကျေးရွာတွေမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်တွေ ဇန်နဝါရီလအတွင်း တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပါတယ်။
ဒီလိုအချိန်မှာ ကျောက်မဲမြို့နယ်၊ တောင်ပို့လို့ရွာက အသက် ၄၈ နှစ်အရွယ် ဦးကောလီဆိုသူကို တော့ဆန်ကျေးရွာမှာ RCSS တပ်ဖွဲ့က ဇန်နဝါရီ ၂၀ ရက်နေ့မှာ ဖမ်းဆီးသွားတယ်လို့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။
ဖမ်းဆီးသွားတာ ကြာနေပြီဖြစ်ပြီး ဘာသတင်းမှမရလို့ စိတ်ပူနေရတာလို့ ဦးကောလီရဲ့ ညီဖြစ်သူ စိုင်းထွန်းနိုင်က ပြောပါတယ်။
"နှစ်ဆယ်ရက်နေ့ကတည်းက ခေါ်သွာတာလေ၊ ကျွန်တော်တို့ရွာကနေခေါ်သွာတာတော့ မဟုတ်ဘူး၊ သူတောင်ပို့လို့မှာနေတာလေ၊ အဲ့မှာခေါ်သွားတာ၊ ဆယ့်ငါးနှစ်ရှိပြီ သူအဲ့မှာနေတာ၊ ကျွန်တော်တို့သတင်းပဲ ကြားရတာ၊ အကျိုးအကြောင်းလည်း ဘာမှမသိဘူး။ သူကိုဒီအတိုင်းပဲ လာဖမ်းသွားတာလို့ပြောတယ်။ သူ့မိသားစုတွေက ဖြစ်ချင်တာက အကျိုး အကြောင်းလည်းသိချင်တယ်၊ သတင်းလည်း ကြားချင်တယ်လေ အဲ့လို့ပေါ့။"
ဦးကောလီ အဖမ်းခံရတဲ့နေ့မှာပဲ စာပို့ကျေးရွာက အမျိုးသမီး နှစ်ဦးကို RCSS က ထပ်မံဖမ်းဆီးခဲ့ပေမယ့် နောက်ရက်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဦးကောလီ ဟာ TNLA ရဲ့ သတင်းပေးဖြစ်လို့ ဖမ်းဆီးတာလို့ ဖမ်းဆီးသွားချိန်မှာ ပြောဆိုသွားပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ပလောင်လက်ဖက်စိုက်ပျိုးသူများအသင်းဝင်ဖြစ်တဲ့ ဦးကောလီဟာ ကျေးရွာတွေမှာ ဆေးလိုက်လံ ကုပေးနေသူဖြစ်တာကြောင့် ပြန်လွှတ်ပေးဖို့ ပလောင် လက်ဖက်စိုက်ပျိုးသူများအသင်းက ဇန်နဝါရီ ၂၅ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ် တောင်းဆိုထားပါတယ်။
RCSS ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး အုမ်ခေးကတော့ ဒီသတင်းကို တိတိကျကျ မသိရသေးကြောင်းနဲ့ အောက်ခြေအဖွဲ့တွေကို မေးမြန်းစုံစမ်းမယ်လို့ RFA ကို ဒီနေ့ (ဇန်နဝါရီ ၂၉ ရက်နေ့) ပြောပါတယ်။
သီပေါမြို့နယ် ကုန်းသာရွာအတွင်းမှာတော့ အခုလ ၇ ရက်နေ့က ကျေးရွာ ဥက္ကဋ္ဌနဲ့ စာရေးဖြစ်သူကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ပြီး အဲဒီနေ့ညမှာပဲ အုပ်ချုပ်ရေးမှူး သေဆုံးခဲ့ပါတယ်။
သူတို့နှစ်ဦးကို မေးမြန်းစရာရှိလို့ဆိုပြီး ဇန်နဝါရီ ၇ ရက်နေ့မှာ SSPP တပ်ဖွဲ့က ခေါ်သွားခဲ့ရာကနေ ဇန်နဝါရီ ၂၃ ရက်နေ့မှာ ဖခင်ဖြစ်သူရဲ့ အလောင်းကို သင်္ဂြိုလ်ခွင့်ရခဲ့တာလို့ သေဆုံးသွားတဲ့ ရွာဥက္ကဋ္ဌရဲ့ သမီးဖြစ်သူက ပြောပါတယ်။
နောင်မှာ ဒီလိုကိစ္စတွေ ထပ်မဖြစ်စေဖို့နဲ့ ကျေးရွာစာရေး ဦးစိုင်းလှအောင်ကို ပြန်လွှတ်ပေးစေချင်တယ်လို့ ပြောပါတယ်။
"တရာမျှတမှုပေါ့နော်၊ တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ နောက်နောင်ကို အခုလိုမျိုး ဆက်မဖြစ်အောင် ထိန်းသိမ်းဖို့ပေါ့နော့်၊ သူတို့ခေါ်ရင် သွာဖူးတယ်လေနော့် ညီမလည်း အဲလောက်ထိ သံသယမဖြစ်ဘူးပေါ့၊ အစည်းဝေးရှိလို့ဆိုရင် ထုံးစံအတိုင်း နှစ်ရက်သုံးရက်ပဲပေါ့ ရောက်လာပါတယ်ပေါ့၊ စဖြစ်ဖြစ်ချင်းလည်း ဒီလိုဖြစ်လိမ့်မယ်လို့ ဘယ်မှတွက်ဆမထားဘူးရှင့်။"
SSPP ဘက်ကတော့ ကုန်းသာရွာအုပ်ချုပ်ရေးမှူးကို တမင်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တာ မဟုတ်ဘဲ ထွက်ပြေးတာကြောင့် ခြောက်လှန့်ပစ်ခတ်ရင်း မတော်တဆ ထိမှန်သေဆုံးသွားတာလို့ ပြောပါတယ်။ SSPP အမည်သုံးပြီး လားရှိုးနဲ့ သီပေါကြားကျေးရွာတွေမှာ ဆက်ကြေးကောက်နေသူတွေ ရှိတယ်ဆိုတာ စုံစမ်းသိရှိထားတယ်လို့ SSPP က ဆိုပါတယ်။
အဲဒီလိုလုပ်နေတဲ့အထဲက အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိထားပြီး အဲဒီအမျိုးသားနှစ်ဦးနဲ့ ဆက်စပ်လို့ ကုန်းသာရွာ အုပ်ချုပ်ရေးမှူးနဲ့ စာရေးကို ခေါ်ယူမေးမြန်းရင်း မတော်တဆဖြစ်ခဲ့တာလို့ SSPP ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး စိုင်းဘုန်းဟန်က ပြောပါတယ်။
"သူတို့ရဲ့အသိုင်းဝိုင်းတွေကို ဝန်ချတောင်းပန်ပြီးဖြစ်တယ်၊ နားလည်အောင်လည်း ရှင်းပြပြီးဖြစ်တယ်၊ ဘာမှ အကြောင်းပြချက်မရှိဘဲနဲ့ လူတစ်ယောက်ကို အစဖျောက်တာဆိုတာ မရှိပါဘူး၊ ထိန်းသိမ်းထားတဲ့ လူသုံးယောက်လည်း ရှိနေပါသေးတယ်။ သူက ရင်မဆိုင်ဘဲနဲ့ ထွက်ပြေးလို့ လုံခြုံရေးက ခြောက်လှန့် ပစ်ခတ်ရင်း မတော်တဆ ဖြစ်သွားတာပါ။"
ဆက်ကြေးကောက်နေချိန် ဖမ်းမိထားသူနှစ်ဦးနဲ့ ကျေးရွာစာရေး ဦးစိုင်းလှအောင်ကိုလည်း စစ်ဆေးမေးမြန်း ပြီးရင် လွှတ်ပေးမယ်လို့ SSPP က ပြောပါတယ်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် အထက်မန်လွယ်ကျေးရွာနဲ့ ဟွေဟုပ်ကျေးရွာကြားက မြေယာ အငြင်းပွားမှု ပြဿနာပေါ်အခြေခံပြီး အထက်မန်လွယ် ရွာသား ခုနှစ်ဦးကိုလည်း ဇန်နဝါရီ ၁၀ ရက်နေ့ မနက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးသွားပါတယ်။ အဲဒီထဲက နှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ငါးဦးကို ထိန်းသိမ်းထားတာကြောင့် ဒေသတွင်း အရပ်ဖက်အဖွဲ့တွေက အားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတာပါ။
ဇန်နဝါရီ ၂၅ ရက်နေ့က မန်လွယ်ကျေးရွာသားတွေနဲ့ KIA တပ်က တာဝန်ရှိသူတွေ တွေ့ဆုံပြီး ရွာသားတွေ လွတ်မြောက်ရေး ဆွေးနွေးရာမှာ နယ်မြေအငြင်းပွားမှု ပြဿနာ မပြီးမချင်းလွှတ်ပေးမှာမဟုတ်ဘူးလို့ အကြောင်းပြန်လာကြောင်း မန်လွယ်ရွာသား ကိုစိန်က ပြောပါတယ်။
"KIA မြို့နယ်မှူးတစ်ယောက်အနေနဲ့ သူကပြောတယ်၊ ဒီနယ်မြေပြဿနာ မပြီးမချင်း နယ်နိမိတ်ရေးရာ မပြီးမချင်း ဖမ်းထားတဲ့ ရွာသားတွေကို ပြန်မလွှတ်ပေးနိုင်ဘူးတဲ့ အဲ့လို ထွက်ဆိုထားပါတယ်။ ကျွန်တော်တို့ အငြင်းပွားတဲ့ မြေမှာ သုံးပုံနှစ်ပုံကို ဟွေဟုပ်ကိုပေးမယ်။ ကျန်တဲ့တစ်ပုံကို သိမ်းထားမယ်လို့ ပြောလို့ ကျွန်တော်တို့ အထက်မန်လွယ်ရွာ အနေနဲ့ လက်မခံဘူး၊ အရပ်သားအဖွဲ့အစည်းတွေနဲ့ လာဆုံးဖြတ်မှ လက်ခံမယ်လို့ ကျွန်တော်တို့ ပြောထားပါတယ်ခင်ဗျ။"
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူ ကတော့ မန်လွယ် (အထက်)ရွာက ရွာသားတွေက ဟိုဟုတ်ရွာနယ်မြေဘက် ကျူးကျော်ပြီး ထင်းခုတ်တာကြောင့် ကူညီဖြေရှင်းပေးဖို့ KIA ဗဟိုအုပ်ချုပ်ရေးဌာန ကို တောင်းဆိုထားတဲ့အတွက် ကျူးကျော်ပြီး ထင်းခုတ်တဲ့ ရွာသားတွေကို ခေါ်သွားတာဖြစ် ပြစ်ဒဏ်ချဖို့ ဖမ်းထားတာမဟုတ်ဘဲ ဒီပြဿနာဖြေရှင်းပြီးရင် အကုန်ပြန်လွှတ်ပေးမယ်လို့ RFA ကို ပြောထားပါတယ်။
လက်နက်ကိုင်အဖွဲ့တွေများတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) မှာ ငြိမ်းချမ်းရေးမရခင်စပ်ကြားကာလ အရပ်သားတွေ ထိခိုက်မှုနည်းအောင် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မိမိတို့လက်နက်ကိုင် အဖွဲ့တွေရဲ့ ဥပဒေကျင့်ဝတ်တွေအတိုင်း လိုက်နာကြဖို့နဲ့ အရပ်သားတွေကို ပစ်မှတ်မထားဖို့ လိုတယ်လို့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လူသားချင်းစာနာထောက်ထားမှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဟောင်းဒေါင်က ပြောပါတယ်။
"တိုင်းရင်းသားလက်နက်ကိုင်မှာလည်း သူတို့ရဲ့စစ်ဥပဒေဆိုတာ ရှိတာပေါ့ ၊ ဒါကိုစနစ်တကျနဲ့ လေးစား လိုက်နာဖို့နဲ့ ပြီးရင်သူတို့မှာလည်း စောင့်ကြည့်လေ့လာတဲ့ ယန္တားတွေအားကောင်းအောင်၊ ပြီးရင် ပြည်သူ လူထုကို ထိခိုက်မှု အနည်းဆုံးဖြစ်အောင် သူတို့ဘက်ကနေစောင့်ကြည့်ရမယ့်အပိုင်းကို အားစိုက် စေချင်တယ်၊ တစ်ဘက်မှာလည်း အစိုးရနဲ့ တပ်မတော်ဘက်ကလည်း ပြည်သူ့စစ်တွေလည်း အများကြီး ရှိတော့လေနော့်၊ ထင်ယောင်ထင်မှားဖြစ်စေတော့ တရားဥပဒေစိုးမိုးဖို့အတွက်ကို သေချာ အားစိုက်ဖို့ပေါ့ အဲဒါဆိုလို့ရင်တော့ အရပ်သားတွေကို ပိုပြီးတော့ အကာအကွယ်ရမယ်ပေါ့။"
ရှမ်းပြည်နယ် (မြောက်ပိုင်း) အခြေစိုက် တအာင်းအမျိုးသမီးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ၂ လွေးပိုးလဘားက ဒေသတွင်းမှာ အရင်ကထက်ပိုပြီး အရပ်သားတွေ ပစ်မှတ်ထားခံရမှု ပိုများလာနေပြီး ဒါတွေဟာ ဥပဒေ ချိုးဖောက်တာဖြစ်လို့ ကန့်ကွက်ရှုတ်ချတယ်လို့ ပြောပါတယ်။
"ရွာသားတွေဖြစ်နေတဲ့အတွက်ကြောင့် အဘက်ဘက်က စိုးရိမ်နေရတယ် ကြောက်နေရတယ်၊ အဲဒီထဲက နေမှ ရွာသားတွေကို ဖမ်းသွားတာတွေ၊ သတ်ဖြတ်တာတွေက တရားဥပဒေမဲ့လုပ်ရပ်တွေလို့ ကျွန်မတို့က မြင်တာပေါ့နော်၊ အဲ့လိုလုပ်နေတဲ့လုပ်ရပ်တွေအားလုံးကိုလည်း ကျွန်မတို့က ကန့်ကွက်တယ်၊ ရှုတ်ချတယ် ပေါ့ ၊ အဲဒါတွေက လူ့အခွင့်ရေး ချိုးဖောက်မှုလည်း ဖြစ်တယ်ဆိုတော့၊ တဖြည်းဖြည်း များလာတယ် ပေါ့နော်၊ တချို့ကိစ္စတွေမှာ ဖမ်းစရာမလိုဘဲနဲ့ ရွာသားတွေနဲ့ သူတို့အဖွဲ့အချင်းချင်းကြားထဲမှာ ညှိနှိုင်းလို့ ရရဲ့သားနဲ့ မညှိနှိုင်းဘဲနဲ့ ဖမ်းသွားတာပေါ့နော်။"
ဒေသတွင်းမှာ အရပ်သားတွေ ဖမ်းဆီးခံရတာ သတ်ဖြတ်ခံရတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရ အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ ဆက်သွယ်လို့မရခဲ့ပါဘူး။
ဒီလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါ၊ ကျောက်မဲနဲ့ နမ့်ဆန်မြို့နယ်တွေမှာ KIA၊ SSPP နဲ့ RCSS တပ်တွေ ဖမ်းဆီးသွားတဲ့ ဒေသခံ ၈ ယောက် ရှိပြီး အဲဒီထဲက တစ်ယောက်က သေဆုံးသွားပါတယ်။
ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့တွေကတော့ လက်နက်ကိုင်တွေဘက်က အရပ်သားတွေကို ပစ်မှတ်ထားတာ မလုပ်ဖို့နဲ့ အစိုးရ တပ်မတော်ကလည်း အရပ်သားတွေ ထိခိုက်မှုနည်းအောင် ဒေသအတွင်း ဥပဒေစိုးမိုးရေး အပေါ်မှာ ပိုအာရုံစိုက်သင့်ကြောင်း ထောက်ပြပြောဆိုနေကြပါတယ်။