စစ်ကောင်စီကို အရေးယူပေးဖို့ ရန်ကုန်သပိတ်အင်အားစုတွေ ILO ကို တောင်းဆို
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို ILO ညီလာခံမှာ အရေးယူပေးဖို့အတွက် ရန်ကုန်မြို့အခြေစိုက် သပိတ်အင်အားစုတွေက “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေဝတ်ဆင်ပြီး ဆန္ဒပြတောင်းဆိုတဲ့လှုပ်ရှားမှုတစ်ခုကို ပြုလုပ်နေပါတယ်။
-
RFA Burmese
2025-03-10 -
-
-
စစ်ကောင်စီရဲ့ ဖိနှိပ်မှုတွေကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) ညီလာခံမှာ အရေးယူပေးဖို့အတွက် ရန်ကုန်မြို့အခြေစိုက် သပိတ်အင်အားစုတွေက “ILO A 33 MYANMAR 2025 “ စာသားပါ အင်္ကျီတွေဝတ်ဆင်ပြီး ဆန္ဒပြတောင်းဆိုတဲ့လှုပ်ရှားမှုတစ်ခုကို မတ်လ ၁၀ ရက်နေ့မှာ ပြုလုပ်နေပါတယ်။
အာဏာသိမ်းကာလအတွင်း အလုပ်သမားတွေကို အဓမ္မ အလုပ်ခိုင်းစေတာ၊ လွပ်လပ်စွာ အသင်းဖွဲ့စည်းတာနဲ့ စည်းရုံးခွင့်တွေ ပိတ်ပင်နေတာတွေ ရှိနေတာကြောင့် ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၃ အရ အရေးယူပေးဖို့ တောင်းဆိုကြောင်း သပိတ်အင်အားစုတွေက ပြောပါတယ်။
မတ်လ ၁၀ ရက် ဒီနေ့မှာ စတင်မဲ့ ILO ရဲ့ တာဝန်ရှိသူများ အစည်းအဝေးလည်း ရှိနေတာကြောင့် အခုလိုလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် - CTUM ရဲ့ ဆက်သွယ်ရေးတာဝန်ခံ မဖောင်ရိုးက RFA ကို ပြောပါတယ်။
"နိုင်ငံတကာဖိအားတွေနဲ့ လူထုလှုပ်ရှားမှုတွေဟာဆိုရင် အခုချိန်အထိကို အရှိန်မြှင့်ပြီးတော့ အားကောင်းနေဆဲလို့ပြောလို့ ရပါတယ်။ ရန်ကုန်မှာဆိုလို့ရှိရင်လည်း စစ်ကောင်စီရဲ့ ဖိအားတွေအောက်မှာ အကျပ်အတည်းကြားထဲက ရန်ကုန်လူထုသပိတ်တွေက နည်မျိုးစုံနဲ့ ရှိနေတယ်။ စစ်ရေးအရလည်း အားကောင်းနေသလို နိုင်ငံတကာဖိအားအနေနဲ့ ICC, ICJ တို့မှာ စစ်ကောင်စီကို အရေးယူနိုင်ဖို့ ကြိုးစားနေတာ ရှိတယ်။ ဒီအတွက် အပြည်ပြည်ဆိုင်ရာ ဖိအားတွေအနေနဲ့ ဆက်သွားနိုင်ဖို့ လူထုလှုပ်ရှားမှုက အားကောင်းပြီးတော့ ဆက်ပြီးလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်"
ဒီနေ့မှာ ရန်ကုန်တိုင်းအပြင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့မှာလည်း လူထုလှုပ်ရှားမှုတွေ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။
အခု ဆန္ဒပြပွဲတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မတွေ့ရသေးပါဘူး။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ ၃၅၂ ကြိမ်မြောက် ILO ရဲ့ အုပ်ချုပ်မှုကော်မတီ အစည်းအဝေးမှာ စစ်ကောင်စီကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ - ၃၃ အရ အရေးယူဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အဲဒီဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လမှာကျင်းပမဲ့ ILO ညီလာခံကနေ အတည်ပြုမှာဖြစ်တာကြောင့် လက်တွေ့ အကောင်အထည်ဖော် အတည်ပြုနိုင်ရေး ဆန္ဒပြပွဲတွေလည်း ဆက်ရှိနေတာ ဖြစ်ပါတယ်။