ပန်းရောင်ကဒ် ကိုင်သူများကို စိစစ်ပေးဖို့ မြေပုံမြို့ခံများ တင်ပြ
2014.06.22
ရခိုင်ပြည်နယ် မြေပုံမြို့နယ်က နိုင်ငံသားစိစစ်ရေးကဒ် (ပန်းရောင်ကဒ်) ကိုင်ဆောင်ထားတဲ့ မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေနဲ့ ညီညွတ်မှု ရှိ၊ မရှိ စိစစ်ပေးဖို့ မြေပုံမြို့ခံတွေက လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ်ထံ မနေ့က တင်ပြတောင်းဆိုလိုက်ပါတယ်။
မြေပုံမြို့ ဒေသခံတွေက မြို့နယ်လုံးကျွတ် လူထုအစည်းအဝေးကျင်းပပြီး တောင်းဆိုလိုက်တာ ဖြစ်တယ်လို့ အစည်း အဝေးတက်ရောက်ခဲ့တဲ့ မြေပုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ပြောပါတယ်။
"ဒီမှာရှိတဲ့ မြို့မိမြို့ဖအဖွဲ့အစည်းက ပန်းရောင်နိုင်ငံသားကဒ်ရထားတဲ့ ပြန်လည်ပြီးစစ်စိပေးပါဆိုပြီး အစည်းအဝေးလုပ်ကြတယ်၊ အဲ့ဒါတစ်ခုပါပဲ ဥပဒေအရ အမှန်တကယ်ရထိုက်ရသင့်တဲ့သူ ရပါစေ၊ လိမ်ညာပြီးဝင်သွားတဲ့သူတွေကို ကျနော်တို့ အမှန်တကယ်ဖော်ထုတ်ရမဲ့ ကိစ္စွပါ"
မြေပုံမြို့နယ်မှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဖြစ်မှု ဥပဒေအတိုင်း စိစစ်အကောင်အထည်ဖော်နေတဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းကို မြေပုံမြို့ခံတွေက မနေ့က တင်ပြတောင်းဆိုရာ ခုံရုံးဖွဲ့ပြီး စိစစ်ဆောင်ရွက်ပေးမှာဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က အကြောင်းပြန်ခဲ့တယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ၁၅ ရက်နေ့ကစပြီး ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း မြေပုံမြို့နယ်မှာ စတင်စိစစ်နေတာဖြစ် ပါတယ်။